ကျွန်တော်တို့ ကိုယ်ထည် အလတ်တန်းစားနဲ့ အကြီးစား မော်ဒယ်တွေထဲကနေ ဇိမ်ခံ အနေနဲ့ ထုတ်လုပ်ထားတဲ့ မော်ဒယ်တွေရော ဇိမ်ခံ အဖြစ်ပါ သုံးနိုင်လောက်အောင် ထုတ်လုပ်ထားတဲ့ ဆီဒင်တွေထဲကနေမှ ဘယ်မော်ဒယ်ကို ရွေးချယ်မလဲ ဆိုတာ နည်းနည်းလောက် စဉ်းစားကြည့်ရအောင်ပါ။ ဒီနေရာမှာ Mazdaရဲ့ မော်ဒယ်နဲ့ Hondaရဲ့ မော်ဒယ်တွေက Crownထက်စာရင် နည်းနည်း အားနည်းချက်ပိုနိုင်ပေမယ့် ကျွန်တော်က နိုင်ငံတကာ ဈေးကွက်ထက် ပြည်တွင်းမှာလည်း ရနိုင်မယ့် မော်ဒယ်တွေထဲက နီးစပ်ရာကို ဆွဲပြီး ရွေးချယ်ပြထားတာ ဖြစ်လို့ ပြိုင်ဖက် မော်ဒယ် ရွေးချယ်ရမှု အနေအထားကို နားလည်းပေးကြပါဗျာ။
အားသာချက် …
Crown – ကိုယ်ထည်ပိုင်း မာကျောတယ်၊ အင်ဂျင်ပိုင်း စွမ်းဆောင်ရည်ကောင်းတယ်၊ ရေရှည်စိတ်ချရတယ်
Mazda6 – ဈေးနှုန်း ချိုသာတယ်၊ ဆီစားနှုန်း သက်သာတယ်၊ ပြည်တွင်းမှာ အသစ်အနေနဲ့ အလွယ်ရနိုင်တယ်
Accord – ကိုယ်ထည်မျိုးစုံရနိုင်တယ်၊ ဇိမ်ခံ အဖြစ်သုံးနိုင်ပြီး ဈေးသင့်တယ်၊ အရည်အသွေး စိတ်ချရတယ်
အားနည်းချက် …
Crown – ဈေးနှုန်း မြင့်ချင်တယ်၊ ပြည်တွင်းမှာ အသစ်အနေနဲ့ အလွယ်မရနိုင်ဘူး၊ အပိုပစ္စည်း ဈေးများတယ်
Mazda6 – အရည်အသွေးအကောင်းဆုံးလို့ မဆိုနိုင်ဘူး၊ အပိုပစ္စည်းရှားချင်တယ်၊ မော်ဒယ်နိမ့်တွေမှာ ဆေးသားအကျမြန်ချင်တယ်
Accord – ပြည်တွင်းမှာ အသစ်အနေနဲ့ရော အဟောင်း အနေနဲ့ပါ ဈေးကွက်ဝင်မှု နည်းချင်တယ်၊ Civicနဲ့စာရင် ဈေးနည်းနည်းမြင့်ချင်တယ်။
ကိုယ်ထည်ပိုင်း …
အခု အပိုင်းမှာတော့ ဘယ်သူ့ကိုပဲ မေးမေး Crownကိုပဲ အကောင်းဆုံးလို့ ဆိုကြမှာပါ။ ဒါကလည်း အထက်မှာ ပြောသလို ပြည်တွင်း ဈေးကွက် အနေအထားအရ ပြိုင်ဖက်တွေ အဖြစ် ဆွဲပြီး သတ်မှတ်လိုက်ပေမယ့် အတန်းအစားအရ Crwonက အခြား မော်ဒယ်တွေထက် တန်းမြင့်နေလို့ပါ။ ဒါပေမယ့် ကျွန်တော်တို့က ဈေးနှုန်းနဲ့ အရည်အသွေးကို ပြန်ပြီး ဟန်ချက်ညီ အနေအထား ပြန်စဉ်းစား နှိုင်းယှဉ်ပေးဖို့တော့ လိုအပ်မှာပါ။ အဟောင်း အနေနဲ့ ဈေးကွက်ဝင်နေတဲ့ Crwonတွေရဲ့ အနေအထားကိုပါ ပြန်ကြည့်ရင် ဆေးသား၊ ခံနိုင်ရည်၊ အရည်အသွေး၊ ရေရှည် စိတ်ချရမှုတွေမှာ Crownက နှာတဖျား မဟုတ်တဲ့ သိသာတဲ့ မာကျော ကောင်းမွန်မှုကို တွေ့ရပါတယ်။ ဒါဆိုရင်တော့ ကိုယ်ထည်ပိုင်းမှာ ကျွန်တော်တို့ Crwonကို ပထမပေးဖို့ လိုအပ်နေပါပြီ။ ဒါဆို ကျန်မော်ဒယ် နှစ်ခုကရော။ Mazdaနဲ့ Hondaဆိုရင် ပြည်တွင်းမှာ Hondaကို လူကြိုက်ပိုပါတယ်။ ဈေးနှုန်းနဲ့ လိုက်ဖက်တဲ့ ကိုယ်ထည်ပိုင်း မာကျောမှုမှာတော့ Mazda6ထက်စာရင် ဇိမ်ခံ အနေနဲ့ပါ သုံးနိုင်အောင် ဖန်တီးထားတဲ့ Accordက သာပါတယ်။ အထူးသဖြင့်တော့ Accordက အမေရိကန်လို ဈေးကွက်မှာပါ နှစ်ပေါင်းများစွာကြာအောင် ရောင်းအား အကောင်းဆုံး မော်ဒယ် အဖြစ် ရပ်တည်နိုင်ခဲ့တာကို ကြည့်မယ် ဆိုရင် မော်ဒယ်နိမ့် အနေအထားအထိအောင်ပါ စိတ်ချရပါတယ်။ ဒါဆိုရင်တော့ ကိုယ်ထည်ပိုင်းမှာ Crownကို ပထမ ပေးချင်ပြီး Accordကို ဒုတိယနဲ့ Mazda6ကိုတော့ တတိယပဲ ပေးပါရစေဗျာ။
အင်ဂျင်ပိုင်း …
အင်ဂျင်ပိုင်းမှာ မော်ဒယ်တွေရဲ့ ထုတ်လုပ်မှု သက်တမ်းတွေကို ပြန်ကြည့်မယ် ဆိုရင် Crwonက ၁၉၅၅ခုနှစ်ကတည်းက ထုတ်လုပ်လာတဲ့ မော်ဒယ်။ ဒါပေမယ့် သူက အာရှ ဈေးကွက်အတွက် အဓိက ရည်ရွယ် ထုတ်လုပ်မှု၊ အခြား ဥရောပ၊ အမေရိကတွေကို သိပ်အရေးထားပုံမရ၊ ဒါပေမယ့် သက်တမ်းနဲ့ အနေအထား၊ သုံးစွဲဖူးတဲ့ အတွေ့အကြုံတွေ အရကတော့ အားရစရာပါ။ နောက်ပြီး Mazda6၊ သူကတော့ ၂၀၀၂ခုနှစ်ကမှ ထွက်ရှိလာတာ၊ မော်ဒယ်ရဲ့ သက်တမ်းအရ ဆိုရင်တော့ နုသေးတယ်၊ ဒါပေမယ့် Mazdaမှာ အားကောင်းလာတဲ့ နည်းပညာက နောက်ပိုင်း အသစ် တွေ့ရှိအောင်မြင်ထားတဲ့ SkyActiv၊ သူက ဆီစား အရမ်းချိုသာစေတယ်၊ စွမ်းအင် ထုတ်လုပ်မှုလည်း သင့်တယ်၊ သဘောကျစရာပါ။ နောက်ဆုံး Accordကတော့ ၁၉၇၆ခုနှစ်ကတည်းက ထုတ်လုပ်နေတဲ့ Hondaရဲ့ သက်တမ်းရင့် မော်ဒယ်တွေထဲက တစ်ခု၊ အမေရိကန်မှာ လူကြိုက် အများဆုံး Hondaရဲ့ မော်ဒယ်တွေထဲက တစ်ခုဆိုရင်လည်း မမှားဘူး။ အင်ဂျင်စနစ်မှာ စွမ်းအင်ရော ရုန်းအားပါ ကောင်းတယ်၊ ဆီစားတော့ အချိုဆုံး မဟုတ်ဘူး၊ အသင့်လောက်ပဲ။ ဒါပေမယ့် Accordနဲ့ ပတ်သတ်ပြီး တွေးစရာ တစ်ခု ရှိတာက အခု နောက်ပိုင်း Civicရဲ့ လွှမ်းမိုးမှုကို ခံလာရတာပဲ၊ Accordဆိုတာ Coupeလို ကိုယ်ထည် အထိအောင် ရနိုင်တဲ့ ရွေးချယ်နိုင်စရာ များတဲ့ မော်ဒယ် ဖြစ်ပေမယ့် နိုင်ငံတကာ ဈေးကွက်မှာ ဆီစားပိုချိုတဲ့ Civicရဲ့ အောင်မြင်မှုက အခု နောက်ပိုင်း နှစ်တွေမှာ ပိုလာပါတယ်။ ဒါဆိုရင်တော့ ဇိမ်ခံ စစ်စစ် Crownကို ကျန်မော်ဒယ် ၂ခု မယှဉ်နိုင်ဘူး ဆိုရင် အခု အင်ဂျင်ပိုင်းမှာ Crownကို ပထမပေးပြီး အင်ဂျင်ပိုင်း နည်းပညာကောင်းလာတဲ့ Mazdaရဲ့ မော်ဒယ်ကို ဒုတိယ ပေးချင်သလို Accordကိုတော့ တတိယပဲ ပေးချင်ပါတယ်။
ဈေးကွက်ဝင် အနေအထား …
အခုနှစ်ပိုင်းမှာ ကားတင်သွင်းမှု လျော့ကျခြင်းနဲ့ အတူ ကားဈေးနှုန်းတွေ မြင့်တက်လာမှုက ချိန်ခွင်လျှာလို ဖြစ်နေပြီး ပြည်တွင်းက ကားဟောင်းဈေးနှုန်းတွေကတော့ ရွှေဖြစ်နေပါတယ်။ ဒီအချိန်မှာ ဈေးကွက် အတွင်း ရနိုင်တဲ့ အနေအထားကို ကြည့်ဖို့လည်း လိုပါတယ်။ Crownကတော့ ၂၀၀၀ခုနှစ် ၀န်းကျင်ထုတ် မော်ဒယ်တွေကနေ နောက်ဆုံး ၂၀၁၀၀န်းကျင်ထုတ် မော်ဒယ်တွေထိအောင် စိတ်ကြိုက် မော်ဒယ်နှစ်၊ မော်ဒယ်ခွဲ ရွေူးချယ်နိုင်မှု ပုံစံနဲ့ ဈေးကွက်ဝင်နေတာ တွေ့ရပါတယ်။ အသစ် အနေနဲ့ကတော့ Toyotaအရောင်းပြခန်း ရှိပေမယ့် Camryလို မော်ဒယ်ကိုပဲ ရောင်းချနေတာ တွေ့ရပါတယ်။ ဒါဆိုရင် Crwonက မော်ဒယ်နိမ့် အားကောင်းတယ်၊ အသစ်တော့ နည်းနည်းခက်ချင်မယ်ဗျ။ Mazda6ကတော့ ထုတ်လုပ်မှု သက်တမ်းလည်း နုသေးသလို အရင်နှစ်တွေ အတွင်း ကားတင်သွင်းမှု အနေအထားအရလည်း Toyota, Nissanနဲ့ Hondaရဲ့ မော်ဒယ်တွေကို လူကြိုက်များမှုက Mazda6တွေ ပြည်တွင်းမှာ အဟောင်း အနေနဲ့တောင် အ၀င်နည်းတာ တွေ့ရပါတယ်။ အသစ် အနေနဲ့ကတော့ Mazdaရဲ့ အရောင်းပြခန်း ရှိနေလို့ စုံစမ်းကြည့်ရင် ရနိုင်ပါတယ်။ ဒါဆိုရင် Mazda6က အဟောင်း အနေနဲ့ အရနည်းတယ်၊ အသစ် အနေနဲ့တော့ ရနိုင်မှာပါ။ နောက်ဆုံး Accordကတော့ ၂၀၀၅ခုနှစ် ၀န်းကျင်ကနေ နောက်ပိုင်း မော်ဒယ်တွေ ပြည်တွင်းမှာ တွေ့ရပါတယ်။ ဒါပေမယ့် Crownကို အသာရလောက်အောင် မော်ဒယ်နှစ်၊ မော်ဒယ်ခွဲ အများအပြား ဈေးကွက်ဝင်မှု မရှိပါဘူး။ ပြည်တွင်းမှာလည်း Accordကို အသစ် အနေနဲ့ မတွေ့ရပါဘူး။ ဒါဆိုရင်တော့ ဈေးကွက်ဝင် အနေအထားမှာ Accordက နောက်ကောက်ကျနေသလိုပါ။ Crwonကိုပဲ ပထမပေးပြီး Mazda6ကို ဒုတိယနဲ့ Accrodကို တတိယ နေရာပဲ ပေးလိုက်ချင်ပါတယ်။
သုံးသပ်ချက် …
တန်းတူ မော်ဒယ်တွေ မဟုတ်လို့ အစကတည်းက Mazda6နဲ့ Accordတွေ မျက်နှာငယ်ခဲ့ရတာ နားလည်ပေမယ့် နှိုင်းယှဉ်ကြည့်မှုတွေ အရ မော်ဒယ် ၂ခုလုံးက Crownကို အနီးစပ်ဆုံး လိုက်ယှဉ်နိုင်ခဲ့လို့ အားရစရာပါ။ အဆင့်မြင့် ဇိမ်ခံ အဖြစ် ထုတ်လုပ်ထားတဲ့ Crwonကတော့ တန်းမြင့် မော်ဒယ်ပီပီ အထက်မှာလည်း အပိုင်း တစ်ခုချင်းစီကို ကြည့်ခဲ့ရသမျှလည်း အသာစီးရနေလို့ အခု ပြောနေတဲ့ မော်ဒယ် ၃ခုထဲမှာ ဘယ်မော်ဒယ်ကို ရွေးချယ်ဖို့ အကောင်းဆုံးလဲ ဆိုတာကိုတော့ အရင်ဆုံး ရွေးထုတ်လိုက်ပါရစေ။ Crownက အခု မော်ဒယ် ၃ခုထဲမှာတော့ အရည်အသွေး အရရော ဈေးကွက်ထဲမှာ ရရှိနိုင်မှု အနေအထားအရပါ အားအကောင်းဆုံး မော်ဒယ် အဖြစ် အခုလ အတွက် ရွေးချယ်ပေးလိုက်ချင်ပါတယ်။ ဒါပေမယ့် ပြည်တွင်း ကားလောက အခုထက်ပိုပြီး တွင်ကျယ် ကြီးမားလာလို့ Mazdaနဲ့ Hondaရဲ့ ဇိမ်ခံ မော်ဒယ်တွေ၊ Crownနဲ့ တန်းတူ မော်ဒယ်တွေ ဈေးကွက်ဝင်လာရင်တော့ အခုထက်ပိုပြီး ရင်ခုန်စရာ ကောင်းလောက်အောင် ခံစား ရွေးချယ်ရမှာပါ။
ကောင်းပါပြီ၊ ကျန်တဲ့ မော်ဒယ် ၂ခုထဲကရော ဘယ်မော်ဒယ်က ပိုကောင်းမယ်ဆိုတာ အဖြေပြန်ထုတ်ကြည့်ရအောင်ပါ။ အင်ဂျင်ပိုင်းမှာရော ဈေးကွက်ဝင် အနေအထားအရပါ မထင်မှတ်ပဲ Mazda6မော်ဒယ်က Accordကို အသာရခဲ့တာ တွေ့ရပါတယ်။ ပြည်တွင်း လူကြိုက်များ အနေအထားမှာတော့ Accordကို Hondaရဲ့ မော်ဒယ်ဖြစ်လို့ လူပိုကြိုက်နိုင်ပေမယ့် လက်ရှိ ပြည်တွင်း အနေအထားကို ပြန်တွက်ရင် Accordက Mazda6ထက် အားနည်းချင်နေပါတယ်။ နောက်ပြီး Civicကို အားထည့်မှု လုပ်ဆောင်နေတဲ့ Hondaရဲ့ သဘောထားအရလည်း SkyActivနဲ့ အောင်ပွဲခံနေတဲ့ Mazda6ရဲ့ အားသာချက်တွေကို Accordနဲ့ ပြန်လည် အောင်မြင်မှု ရဖို့ စိတ်ကူးထားပုံ မရပါဘူး။ ဈေးနှုန်းပိုင်း အနေအထားမှာလည်း အတူတူလောက်ပဲ၊ အရည်အသွေးပိုင်းမှာလည်း သိပ်မကွာဘူး၊ ဒါပေမယ့် အလွယ်တကူ ရနိုင်မှု၊ ရွေးချယ်နိုင်စရာ စတဲ့ အခြေအနေတွေမှာ နည်းနည်းရှားချင်တဲ့ Accordကို အခု Mazda6ရဲ့ နောက်မှာပဲ ထားလိုက်ပါရစေ။ ဒါဆိုရင်တော့ ရွေးချယ်ဖို့ အကောင်းဆုံး ဒုတိယမော်ဒယ်ကို Mazda6အဖြစ် ကျွန်တော်က ရွေးချယ်ချင်ပြီး Accordကိုတော့ တတိယနေရာမှာပဲ ထားလိုက်ချင်ပါတယ်။
လင်းထက် (IA)