Unicode Version…

Drive ရဲ့Comparison ကဏ္ဍ ကနေကြိုဆိုလိုက်ပါတယ်။ ဒီတစ်လမှာတော့ ဈေးကွက်အတွင်းလူကြိုက်များပြီး ပြည်တွင်းမှာ အတွေ့ရများတဲ့ Brand New MPV တွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီကားတွေကတော့ နာမည်ကြီးတွေဖြစ်ကြတဲ့ Toyota Avanza ၊ Suzuki Ertiga နဲ့ KIA Carens တို့ပဲဖြစ်ပါတယ်။ ကဲ…ဆက်ကြည့်ရအောင်လားခင်ဗျာ။
အပြင်ဘက်ပိုင်း …
Toyota Avanza – Avanza အသစ်ကရုပ်ထွက်ပိုင်းပြေပြစ်လှပသလို ရှေ့မီးကြီး Projector Headlamps ကိုထည့်သွင်းထားတဲ့အပြင် ဘောနက်ပုံစံ၊ ရှေ့ရှဲတွေကလည်း မော်ဒယ်သစ်ဆိုတဲ့ပုံစံကို ပြသနေပါတယ်။ နောက်ဘက်ပိုင်းမှာလည်း ရိုးရှင်းတဲ့နောက်မီးပုံစံကိုတွေ့ရသလို ၁၄လက်မ အလွိုင်း wheel တွေ လည်းပါရှိပါတယ်။
Suzuki Ertiga – လက်ရှိပြည်တွင်းမှာ တပ်ဆင်တဲ့တစ်ခုတည်းသော MPV ဖြစ်တဲ့ Ertiga ကလည်း ရုပ်ထွက်ပိုင်းမှာ လက်ခံနိုင်လောက်တဲ့အနေအထားမျိုးဖြစ်ပါတယ်။ ရိုးရှင်းပြီး သေသပ်တဲ့ ရှဲနှစ်ထပ်ဒီဇိုင်း၊ ဆွဲဆောင်မှုရှိတဲ့ Halogen ရှေ့မီးကြီးတွေ၊ Fog Lamps တွေနဲ့ Aerodynamic body တွေပေါင်း စပ်ပါဝင်ပါတယ်။
KIA Carens – KIA ရဲ့အမှတ်သင်္ကေတအဖြစ် ကျားနှာခေါင်းပုံစံရှေ့ရှဲတွေပါဝင်ပြီး စွဲမက်စရာ မီးကြီးစ နစ်တွေနဲ့အတူ နေ့အလင်းမီးတွေလည်း ပါဝင်ပါတယ်။ နောက်ပြီးတော့ သူ့မှာလည်း Aerodynamic body အချိုးအဆစ်ရအောင် ထုတ်လုပ်ထားလို့ ဟိုင်းဝေးတွေအတွက် ပူစရာမလိုပါဘူး။


အတွင်းခန်း
Toyota Avanza – USB / DC (12 V) ချိတ်ဆက်လို့ရတဲ့ ပါဝါ outlet ပါရှိသလို လက်ကိုင်ဖုန်း (၂)ခုစာ ထည့်နိုင်တဲ့ အံခွက်ပါရှိပါတယ်။ပြီးတော့ ဒုတိယအတန်းနဲ့ တတိယအတန်းခုံတွေကို ၅၀း၅၀ ခေါက်လို့ရလို့ ပစ္စည်းထည့်လို့ရနိုင်ပါတယ်။ Round Air Con ပါသလို ဒုတိယခုံတန်းက တတိယခုံတန်းထက်ပိုကြီးပါတယ်။
Suzuki Ertiga – Push Start စနစ်ဖြစ်ပြီး စတီယာရင်ကွန်ထရိုးတွေပါသလို အသံထိန်းချုပ်စနစ်နဲ့ Bluetooth ချိတ်ဆက်မှုတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒုတိယခုံတန်းနဲ့ တတိယခုံတန်းတွေကို ၆၀/၄၀ခေါက် သိမ်းနိုင်ပြီး ပစ္စည်း ၇၃၆ လီတာဝင်ဆံ့သွားပါလိမ့်မယ်။ပြီးတော့ AM/FM,CD,DVD စတဲ့ Audio စနစ်တွေ ပါဝင်ပြီး စပီကာ ၄ လုံးပါရှိမှာဖြစ်သလို Round Air con စနစ်ပါ။
KIA Carens – လည်သာထိုင်ခုံတွေကို သုံးထားပြီး ပြီးတော့လည်း လေပူ၊ လေအေးထုတ်ပေးနိုင်တဲ့ Air Ventilation Seat စနစ်ကို ရှေ့ ၂ ခုံမှာ တပ်ဆင်အသုံးပြုထားလို့ ဟိုင်းဝေးတွေကို သက်သက် သာသာ မောင်းနိုင်မယ်။ နည်းပညာနဲ့ပတ်သက်ရင် အကုန် ထုတ်သုံးတတ်တဲ့ KIA က Push Start ၊ Panoramic Sunroof တွေသာမကဘဲ Auto Defog System တွေ၊ Round Air Con စနစ်တွေပါထည့်သွင်းပေးထား ပါတယ်။
စွမ်းဆောင်ရည်
Toyota Avanza – Avanza မှာ 1.3 Liter Petrol engine ကိုသုံးထားပြီး ပါဝါထွက်ရှိမှုကတော့ မြင်းကောင်ရေ ၉၅ ကောင်အားဖြစ်ပါတယ်။ နောက်ပြီးတော့ 4-speed automatic transmission ကိုသုံးထားကာ Noise, Vibration နဲ့ Harshness Level တွေကိုလျှော့ချနိုင်အောင် တည်ဆောက်ထားပါတယ်။ သူ့ရဲ့ minimum turning radius 4.7m ဖြစ်ပါတယ်။
Suzuki Ertiga – ဒီကားမှာ Engine 1.4 L VVT ဓါတ်ဆီအင်ဂျင်ကိုသုံးထားပြီး အော်တိုဂီယာ ၄ ချက်ထိုးဖြစ်ပါတယ်။ ပါဝါထွက်ရှိမှုက 91 HP ထွက်မှာဖြစ်ပြီး ရုန်းအားကတော့ 130 Nm ဖြစ်ပါတယ်။ ဆီစားနှုန်းကတော့ ၁လီတာကို ၁၆ ကီလိုမောင်းလို့ရနိုင်မှာဖြစ်ပါတယ်။
KIA Carens – Carens မှာ 1.7 Liter Diesel engine ကိုသုံးထားပြီး မြင်းကောင်ရေ ၁၃၉ ကောင်အားထွက်ရှိမှာဖြစ်ပါတယ်။ 6-speed automatic transmission ကိုသုံးထားပြီး ဆီစားနှုန်းကတော့ 6.6 L/100km ဖြစ်ပါတယ်။
လုံခြုံရေး
Toyota Avanza – SRS လေအိတ် ၂ လုံး၊ Anti-lock Braking System (ABS), Electronic Brake-force Distribution (EBD) , I Child Restraint System (SOFIX and tether anchor ) စတဲ့လုံခြုံ ရေးစနစ်တွေ ပါဝင်ပါတယ်။
Suzuki Ertiga – ဒီကားမှာ ရှေ့လေအိတ် ၂ လုံး ၊ Anti-lock braking system (ABS) ကို Electronic Brake နဲ့တွဲဖက်ပေးထားပါတယ်။ ဒါ့အပြင် Immobilizer , နောက်ဆင်ဆာ ၄ လုံးပါဝင်မှာဖြစ်ပါတယ်။
KIA Carens – လေအိတ် ၆ လုံး၊ ABS ၊ ), Electronic Brake-force Distribution (EBD), Electric Stability Control System , ရှေ့နောက်ဆင်ဆာ တွေနဲ့နောက်ကြည့်ကင်မရာလည်း ပါဝင်ပါသေးတယ်။
ဈေးနှုန်းနဲ့သုံးသပ်ချက်
Toyota Avanza – ဒီကားရဲ့ဈေးက USD 19,500 ဖြစ်ပြီး ပစ္စည်းစုံစုံလင်လင်၊ နည်းပညာအများကြီးတော့ မပါပါဘူး။ အဓိကကတော့ Ertiga ကိုပြိုင်ဖို့ ထုတ်ထားတာလို့ ထင်ရပါတယ်။ အင်ဂျင်သေးပေမယ့် Ertiga ထက်တော့ စွမ်းအင်ပိုထွက်ရှိမှာဖြစ်ပါတယ်။ မိသားစုများပြီး ဈေးနည်းနည်းပဲသုံးချင်သူတွေအတွက်တော့ Avanza ကအဆင်ပြေစေပါလိမ့်မယ်။
Suzuki Ertiga – ဒီ ၃ စီးထဲမှာဈေးအချိုဆုံးဖြစ်ပြီး ရန်ကုန်လိုင်စင်လည်းရလို့ ပြည်တွင်းမှာရောင်းအားကောင်း နေတာဖြစ်ပါတယ်။ ဒါပေမဲ့ ပါဝါထွက်ရှိမှုက ဟိုင်းဝေးမှာစကားပြောပါလိမ့်မယ်။ပြီးတော့ Back Camera က Option ဆိုတော့ ပစ္စည်းလည်းသိပ်မစုံပါဘူး။ခရီးတိုနဲ့ မြို့တွင်းစီးအတွက်တော့ သင့်တော်တဲ့ကားမျိုးဖြစ်ပါ တယ်။ ဈေးကတော့ ကျပ်သိန်း 244 ဖြစ်ပါတယ်။

KIA Carens – ဒီကားဈေးက USD 43,800 ဆိုတော့ ၃ စီးထဲမှာအများဆုံးလို့ ဆိုနိုင်တယ်။ဒါပေမဲ့ Carens က အတွင်းဂရိတ်မြင့်တယ်။ နည်းပညာကောင်းတွေသုံးထားတယ်။ ပြီးတော့ အင်ဂျင်စနစ်က 1700 cc ဒီဇယ်နဲ့ 6 Speed Auto ဆိုတော့ ဟိုင်းဝေးသွားတတ်တဲ့ မိသားစုများသူတွေအတွက် အကိုက်ပါပဲ။ ဒါပေမဲ့ ဈေးကိုချိန်ဝယ်ရမယ့် သူတွေအတွက်တော့ အဆင်မပြေနိုင်ပါဘူး။