Unicode version…

ကားတွေ၊လူတွေရှုပ်ထွေးလွန်းလှတဲ့ ရန်ကုန်မြို့ကြီးကို ခေတယာယီစွန့်ခွာပြီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကနေတစ်ဆင့် ရန်ကုန်နဲ့ မိုင် ၃၂၀ ကွာဝေးတဲ့ ပျူမြို့ဟောင်းထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဗိဿနိုးမြို့ဟောင်းကို ၂ ရက်တာအလည်ခရီးအဖြစ်သွား ရောက်ဖြစ်ခဲ့ပါတယ်။
ရာသီဥတုကလည်း ဆောင်းအကုန် နွေအကူးသာဖြစ်သေးလို့ ညပိုင်းနဲ့ မနက်ခင်းကတော့ အအေးဓါတ်ကို ခံစားနေရဆဲပါ။ သွားတဲ့ကားက ပြည်တွင်းမှာ လူကြိုက်များလှတဲ့ Off Road အမျိုးအစား Toyota Hilux Surf နဲ့ပါ။အမှန်ဆိုရရင် ဒီကားမျိုးက အမြန်လမ်းလို နေရာမျိုးမှာမောင်းရင် အထူးသတိထားသင့်တဲ့ ကားမျိုးပါ။ ဘာလို့လဲဆိုရင် Body Frame မြင့်တဲ့အတွက် အခန့်မသင့်မှောက်သွားနိုင်ပါတယ်။ဒါပေမဲ့ ယာဉ်မောင်းသူက ၀ါရင့်တဲ့အပြင် Speed ကိုလည်း ကီလို ၁၀၀ ထက်ကျော်လွန်မှောင်းနှင်ခြင်းမရှိလို့ ဘေးအန္တရာယ်ကင်းစွာနဲ့ပဲ ခရီးဆက်နိုင်ခဲ့တယ်။
ကြုံတုန်းဒီကားလေးအကြောင်းနည်းနည်းဖောက်သည်ချပါရစေ။ 95 model ဖြစ်ပြီး X grade ဖြစ်လို့ နည်းပညာအရနောက်ကျသလို ထိုင်ရတာလည်းဇိမ်ကျမှုတော့ မရှိလှဘူး။ဒါပေမဲ့ အားသာချက်က အင်ဂျင်ပါ၀ါ 3000 CC ဆိုတော့တောင်တက်နဲ့လမ်းကြမ်းတွေမှာအားမနာရဘူး။ Diesel engine ဆိုတော့ High Way မှာမောင်းလေ အင်ဂျင်ပေါက်ကွဲအားကောင်းလေဖြစ်ပြီး မောင်းလို့ကောင်းလေပါပဲ။မိုင် ၂၂၀ ရောက်ပြီး ကံပြားလမ်းကိုရောက်ဖို့အတွက် အမြန်လမ်းပေါ်က ဆင်းခဲ့ရပါတယ်။ဒီလမ်းက ရိုးမကိုဖြတ်ကျော်ရတာမို့ အကွေ့အကောက်နဲ့တောင်တက်တွေဖြစ်သွား ပါတယ်။ အမြန်လမ်းပေါ်မှာ ပျင်းစရာကောင်းလောက်အောင်မောင်းခဲ့ရတဲ့ စာရေးသူရဲ့ယာဉ်မောင်း လည်းမိုင်၅၀ ကျော်လောက်သာဖြတ်သန်းရတဲ့ ကံပြားလမ်းမှာတော့ စတီယာရင်ကို မလွတ်တမ်း ကိုင်ရင်း အလုပ်ရှုပ်ခဲ့ရပါတယ်။လှပတဲ့တောရိပ်တောင်ရိပ်တွေကိုခံစားရင်း ရန်ကုန်ရဲ့မွန်းကျပ်မှုတွေ ကိုတစ်ခဏမေ့ပျောက်ခွင့်ရသွားခဲ့ပါတယ်။ တောမီးကြောင့် ငုတ်တိုတွေ၊ပြာပုံတွေဖြစ်နေတဲ့ သစ်တောအချို့က လမ်းရဲ့ဘေးတစ်ဖက်တစ်ချက်မှာတွေ့နေရပါတယ်။ ဒီလိုလမ်းမျိုးမှာတော့ Surf တွေက ရှင်ဘုရင်ပဲ။ ဗိုက်တိုက်မှာလဲမပူရဘူး။နောက်ပြီး ကားဘီးတွေကလည်း Off Road တာယာတွေဖြစ်လို့ ခဲတွေ၊ချိုင့်တွေလည်းမရှောင်ရတဲ့ အနေအထားဆိုတော့ ခရီးက ပိုတွင်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ တောင်တွေကျော်ပြီး မြေပြန့်ကိုဆင်းလာပြီးတာနဲ့ တစ်ပြိုင်နက် မြို့သစ် လမ်းဆုံကိုရောက်ခဲ့တယ်။ သုံးခွဆုံဖြစ်ကာ အခြားနှစ်လမ်းက မကွေးနဲ့နတ်မောက်ကို တောက်လျှောက်ပေါက်တဲ့လမ်းတွေဖြစ်ပြီး စာရေးသူတို့ကတော့ တောင်တွင်းကြီး လမ်းခွဲအတိုင်းဝင်လာခဲ့ကြပါတယ်။
ပညာရှိအကျော်အမော်တွေထွက်ရှိတဲ့တောင်တွင်းကြီးမြို့က အေးချမ်းစရာလေးပါ။ဒါပေမဲ့နွေရောက်ရင်တော့ မခံအောင်ပူတယ်ဆိုပဲ။ပြီးခဲ့တဲ့နှစ်က စံချိန်တင်အပူဆုံးမြို့တွေထဲတစ်ခု ပါ၀င်ခဲ့တယ်။တောင်တွင်းကြီးကို ကျော်လွန်လာတော့ လမ်းတစ်ဖက်ဝဲယာမှာ အစီအရီပေါက်နေကြတဲ့ သစ်ပင်ကြီးတွေကို ကျော်ပြီး ၁၂ မိုင်လာခဲ့ပြီးမှာတော့ ဗိဿနိုးမြို့တော်ဟောင်းဆီကို ရောက်ရှိခဲ့ပါတယ်။ရောက်ရောက်ချင်းမြို့ဟောင်းထဲမဝင်သေးဘဲ အနီးနားက ရွာမှာပဲခေတ္တအနားယူခဲ့တယ်။ရွာဦးဘုန်းကြီးကျောင်းမှာဖြစ်ပြီး ဆရာတော်နဲ့ ရွာသူ/သားတွေရဲ့ ဖော်ရွေမှု ၊ ဧည့်ဝတ်ကျေပွန်မှုတွေက မမေ့နိုင်စရာဖြစ်ခဲ့ရပါတယ်။
နောက်တစ်နေ့မှာတော့ မြို့ဟောင်းဆီချီတက်ခဲ့တယ်။ ဘီစီ ၄ရာစု မှာ တည် ထောင်တဲ့မြို့ဖြစ်ပြီး ပန်ထွာဘုရင်မက ဗိဿနိုးရဲ့ဖန်တီးရှင်လို့ဆိုကြပါတယ်။ နှစ်ပေါင်း ၂၀၀၀ ကျော်တည်ရှိခဲ့တဲ့မြို့ဖြစ်လို့ ပုဂံထက်တောင်နှစ် ၁၀၀၀ ကျော်သက်တမ်းပိုရင့်ပါတယ်။ ဒါပေမဲ့ ထိန်းသိမ်းစောင့်ရှောက်မှုအားနည်းခဲ့လို့အချို့သောသမို်င်းပစ္စည်းတွေ ပျောက်ဆုံးပျက်ဆီး ကုန်ကြပါပြီ။ ဒီဗိဿနိုးမြို့ကြီးကိုတည်ထောင်ခဲ့တဲ့ အမုန်းတရားတွေနဲ့ဇာတ်သိမ်းခဲ့ရတဲ့ ပန်ထွာဘုရင်မကြောင့် ဗိဿနိုးမြို့ဟောင်းကြီးကတော့ သဘာဝလွန်ဖြစ်ရပ်တွေ၊ ယနေ့ထိတိုင် ကျန်ရှိနေသေးတဲ့ ကျိန်စာတွေ အပြည့်ပဲလို့ ဆိုကြပါတယ်။ မိုးနည်းရေရှား အရပ်ဖြစ်တာကြောင့် ရန်ပယ်ချောင်းကရေ ကို အဓိက အားထားကြရပါတယ်။ ဒါ့ အပြင် အပြင်သောက်တော်ကန်၊ အတွင်းသောက်တော်ကန် စတဲ့ရေကန် အချို့ရှိသော်လည်း ယခုအခါ ရေခမ်းခြောက်သလောက် ရှိနေပါပြီ။
ဗိဿနိုုးမြို့ဟောင်းထဲက ပေပင်တွေက အသီးမသီး မကြီးထွားပဲ နှစ်ထောင်ချီ သက်တမ်း ရှိနေကြပါတယ်။ အမြင့်က လူတစ်ရပ်လောက်ပဲ ရှိပါတယ်။ ဒါကတော့ ပန်ထွာဘုရင်မ ရဲ့ ဆုတောင်းတစ်ခုပါ။ “ငါလာမှကြီး၊ ငါလာမှသီး” ဆိုတဲ့ ဆုတောင်း အတိုင်း ဗိဿနိုးမြို့ဟောင်းထဲက ပေပင်တွေက ဘုရင်မ လူပြန်မဖြစ်မချင်း မကြီးထွား၊ အသီးမသီးတာ လို့ အဆိုရှိပါတယ်။ ဗိဿနိုးမြို့ဟောင်းထဲမှာ အင်ကြင်းဥယျာဉ် လို့ခေါ်တဲ့ ဥယျာဉ်တစ်ခု ရှိပါတယ်။ ဒါပေမယ့် ပန်ထွာဘုရင်မ လက်ထက်တော်မှ ယနေ့အထိ အင်ကြင်းပင် တစ်ပင်မှ မရှိခဲ့ဖူးပါဘူး။ ဒါပေမယ့်နေ့စဉ်နေ့တိုင်း အင်ကြင်းပန်း အကြွေတွေကို ယနေ့ထက်တိုင်အင်ကြင်းဥယျာဉ်မြေနေရာ တစ်ဝိုက်မှာတွေ့နေရဆဲပါ။ ဒီ အင်ကြင်းဥယျာဉ် ကို ပန်ထွာဘုရင်မ က ဗိဿနိုးနတ်မင်းကြီး ကို ရည်စူးပြီးလှူဒါန်းခဲ့တာပါ။ ဥယျာဉ်ထဲမှာ အင်ကြင်းပင် မရှိသော်လည်း ဗိဿနိုးနတ်မင်းကြီး ရဲ့ အမိန့် နဲ့ အင်ကြင်းပွင့်တွေက ဥယျာဉ်တော်ထဲ က ိုအလိုလျောက်ရောက်နေတတ်လို့ အင်ကြင်းဥယျာဉ်လို့ခေါ်တာပါ။ ယခုထိလည်း ဘယ်ကမှန်း မသိတဲ့ အင်ကြင်းပွင့်တွေရောက်နေဆဲပါ။
အထူးသဖြင့် ပန်ထွာဘုရင်မ တည်ခဲ့တဲ့ ရွှေရောင်တော်စေတီ မှာ အင်ကြင်းပန်းတွေကို ဘုရားပန်း လှူထားတာအပြင် ဘုရားရင်ပြင် တစ်ဝိုက်ပြန့်ကြဲစွာ ရှိနေတတ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ ဒါ့အပြင် ဗိဿနိုးမြို့ဟောင်းထဲမှာ အသားစားခွင့် မရှိပါဘူး။ စည်းကမ်းတွေ အရမ်းတင်းကြပ်ပါတယ်။ ဝိနည်း နဲ့ မညီတဲ့ ရဟန်းတွေနေခွင့် မရှိပါဘူး။ နေခွင့် မရှိလို့လည်း ပန်ထွာဘုရင်မ ရဲ့ ဝိဉာဉ်ကို ပဌာန်းဆက်ကြောင့် သြဇာညောင်း တဲ့ တောင်ငူနန်းတွင်းကျောင်းဆရာတော် ရဲ့ကျောင်းတစ်ခုသာ ဗိဿနိုးမြို့ဟောင်းမှာ ရှိပါတယ်။ ဒါကလည်း ရဟန်းအယောင်ဆောင်ထားသူတွေ ရဲ့ ပရိယာယ်ကြောင့် ဗိဿနိုးမြို့ကြီး ပျက်စီးပြီး သရေခေတ္တရာပြည့်ရှင် ဒွတ္တပေါင်လက်အောက်ရောက်ရတာကို အညှိုးထားပြီး သိက္ခာ နဲ့ ဝါစဉ်နုသေးတဲ့ ရဟန်းတော်တွေကို ပန်ထွာဘုရင်မဝိဉာဉ်က လက်မခံတာလို့လည်းအဆိုရှိတယ်လို့သိရပါတယ်။ ပန်ထွာဘုရင်မ ကို နတ်နန်းဆောက် ကိုးကွယ်တဲ့ ဓလေ့ယနေ့အထိ ရှိပါတယ်။ပန်ထွာဘုရင်မတည်ထားတဲ့ကိုးကွယ်ခဲ့တဲ့ ရွှေရောင်တော်ဘုရားမှာ ရုပ်ထုထုလုပ်ထားရှိပါတယ်။ နတ်ဆက်ရာမှာ လည်း သက်သက်လွတ် သစ်ဖုသစ်ဥတွေသာ ဆက်သရပါတယ်။ အသား၊ ငါး မဆက်ရပါ။
ဘာပဲဖြစ်ဖြစ် စိတ်ဝင်စားစရာ ဗိဿနိုးမြို့ဟောင်းကြီးက သွားရောက် လည်ပတ်သူနည်းပါးစွာ နဲ့ နှစ်ထောင်ချီ ခြောက်သွေ့နေပါတယ်။ ဒါပေမယ့် ဗိဿနိုးမြို့ ကို သွားရောက်ပြီး ပန်ထွာဘုရင်မ ကို မပျင်းရအောင် မကြာခဏ ဆိုသလို အနည်းဆုံး တစ်နှစ် တစ်ခေါက် ၊နှစ်ခေါက် သွားရောက် ဂါရဝပြုနေကြတဲ့ လူ အချို့တော့ရှိနေပါတယ်။
ရှေးဟောင်းသုတေသနဌာန က ဗိဿနိုးမြို့ဟောင်းကြီးကို တော်တော် များများ တူးဖော် ထိန်းသိမ်းထားပြီးဖြစ်ပါတယ်။ဒီအထဲမှာ ဗိဿနိုးမြို့ဟောင်းထဲက အရပ် ရပေ ရှိတဲ့ အမျိုးသမီးတစ်ဦး ရဲ့ အရိုးစုနေရာကို တူးဖော်မိရာကနေ ပန်ထွာဘုရင်မ ရဲ့ အရိုးစု လို့ ယူဆခဲ့ရာ က ဖြစ်ပေါ်လာတဲ့အကြောင်းအရာလည်းဖြစ်နိုင်ပါတယ်။အဲဒီအရိုး ကို နယူးဂျာစီက တွက်ချက်ပေးရာမှာ နှစ် ၂၀၀၀ သက်တမ်း ရှိနေပါပြီ။အဲဒီအပြင် မြို့ဟောင်းထဲမှာလည်း ရှေးမြို့ရိုးဟောင်းတွေ၊ အဆောက်အအုံတည်နေရာတွေ၊အရိုးအိုးတွေ၊အသုံးအဆောင်ပစ္စည်းတွေကို တူးဖော်တွေ့ရှိခဲ့ပါတယ်။ စတုရန်းမိုင် ၂ မိုင်ကျယ်ဝန်းလှတဲ့ မြို့ဟောင်းကြီးကို လေ့လာခဲ့တဲ့အပြင် ဒေသခံတွေရဲ့ သက်မွေးမှုလုပ်ငန်းတွေဖြစ်တဲ့ အိုးလုပ်ငန်းတွေကိုပါလေ့လာခဲ့ရပါတယ်။
အပြန်မှာတော့ အလာတုန်းကလို လန်းဆန်းမှုမရှိဘဲ စိတ်ထဲတွေးတောနေမိတာကတော့ တစ်ချိန်က စည်ကားလှတဲ့ ဗိဿနိုးမြို့ကြီးက အခုချိန်မှာ လူသူခြောက်သွေ့နေပြီး ဘုရင်မကြီးရဲ့ဘုန်းကံ၊မာန၊အာဃာတတရားတွေကို တွေးတောရင်း အတိတ်က ဗိဿနိုးမြို့ကြီးကို စိတ်ကူးနဲ့ပုံဖော်ကြည့်နေမိပါတော့တယ်။

Zawgyi vesion…

၃၈ကြိမ်မြောက် Bangkok International Motor Show 2017 ကို မတ်လ၂၉မှ ဧပြီလ ၉ အထိ Challenger Hall, IMPACT, Maung Thong Thani တွင် REACH TO THE PLANET OF TECHNOLOGY ၏ စီစဉ်မှုဖြင့် ကျင်းပမည် ဖြစ်ပါသည်။Drive Magazine Myanmar မှ မြန်မာပြည် ၏ တစ်ဦးသော Official Media Partner အဖြစ်သွားရောက် ခဲ့ပါသည်။ကမ္ဘာ့ထိပ်တန်း ကားဖန်တီး ပညာရှင် ၃၀ ၏ ဖန်တီးမှုများ ၊ ကမ္ဘာကျော် ကား Company များနဲ့ Motorcycle Company 12 ခုမှ ယာဉ်များကို ပြခန်းများဖြင့် ပြသထားပါသည်၊
စတုရန်းပေ ၆၀၀၀၀ ကျယ်ပြန့်တဲ့ အဆောက်အဦးခန်းမ ထဲမှာ အရောင် တဖိတ်ဖိတ်နဲ့တောက် ပနေတဲ့ ယာဉ်တွေကတော့ Thai ကားဈေးကွက် ထဲဝင်ရောက်ဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ။ ၂သန်းခန့်ရှိတဲ့ ဂျပန်၊ကိုရီးယား နှင့် ဥရောပ မှ ယာဉ် များကို Thai စက်ရုံက ပဲ ထုတ်လုပ်ခဲ့ပါတယ်။ဂျပန်ကားထုတ်လုပ် သူများကတော့ ထိုင်းနိုင်ငံအတွင်းရရှိနိုင်တဲ့ သူတို့ရဲ့ ကားများနဲ့ ကားသစ်များကို ဈေးကွက်တွင်စတင်မိတ်ဆက် ပေးခဲ့သည်။
ကမ္ဘာကျော်ကား Brand များဖြစ်တဲ့Aston Martin, Audi, BMW, Carlsson, Chevrolet, Ford, Honda, Hyundai, Isuzu, Jaguar, KIA, Lamborghini, Land Rover, Lexus, Maserati, Mazda, McLaren, Mercedes-Benz, MG, MINI, Mitsubishi Motors, Nissan, Porsche, Rolls-Royce Motor Cars, Subaru, Suzuki, SsangYong, Tata Motors, Toyota, and Volvo တို့ကလည်း နောက်ဆုံးပေါ်အထူး ကားများကိုပြသခဲ့ပါသည်။