EV ကားများအကြောင်းပြောကြတဲ့အခါ ယေဘုယျအားဖြင့် HEV၊ PHEV နှင့် BEV ဆိုပြီးလျှပ်စစ်ကားအမျိုးအစားသုံးမျိုးရှိပါတယ်။

Hybrid Electric Vehicles (HEV) – ဟိုက်ဘရစ်လျှပ်စစ်ကားသည် လောင်စာဆီသုံးစွဲမှုကိုလျှော့ချရန်အတွက် သမားရိုးကျကားများတွင် ပါဝင်သည့်အင်ဂျင်အပြင် လျှပ်စစ်မော်တာနှင့်ဘက်ထရီပါထည့်သွင်းပြီး ပေါင်းစပ်ထုတ်လုပ်ထားသည့်ကားအမျိုးအစားဖြစ်ပါတယ်။ ဒါကြောင့်ပုံမှန်လောင်စာဆီသုံးကားများကဲ့သို့ လောင်စာဆီအသုံးပြုပြီးမောင်းနှင်နိုင်သလို တစ်ဖက်တွင်လည်းလျှပ်စစ်စွမ်းအင်ကိုအသုံးပြုပြီး မောင်းနှင်သည့်အခါတွင် ပါဝါပလပ်ပေါက်များတွင်ပလပ်ထိုးပြီး အားသွင်းစရာမလိုဘဲ Regenerative Braking စနစ်ဖြင့် ယာဉ်၏ဘက်ထရီအား အလိုအလျှေက်အားသွင်းခြင်းနှင့် ကားအင်ဂျင်နှင့်ဒိုင်နမိုမှတဆင့် ဘက်ထရီအား အလိုအလျှေက်အားသွင်းခြင်းဖြင့်လျှပ်စစ်စွမ်းအင်ရရှိကာမောင်းနှင်နိုင်ပါတယ်။

Plug-in Hybrid Electric Vehicles (PHEV) – PHEV ကားများကတော့ ဟိုက်ဘရစ်ကားများကဲ့သို့ပင် လောင်စာဆီသုံးကားများတွင် လျှပ်စစ်မော်တာနှင့် ဘက်ထရီကို ထပ်တိုးပေါင်းစပ်ထုတ်လုပ်ထားသည့် ကားအမျိုးအစားပင်ဖြစ်သော်လည်း ဟိုက်ဘရစ်ကားများနှင့်ကွဲပြားခြားနားချက်မှာ ၎င်းတွင်အရွယ်အစားပိုမိုကြီးသည့်ဘက်ထရီနှင့် ပိုမိုအားကောင်းသည့်လျှပ်စစ်မော်တာများပါဝင်ပါတယ်။ ဒါ့အပြင် PHEV ကားများသည် လောင်စာဆီသုံးကားအဖြစ်မှ လျှပ်စစ်စွမ်းအင်သီးသန့်သုံး လျှပ်စစ်ကားတစ်စီးအဖြစ်သို့အပြည့်အဝပြောင်းလဲ၍လဲအသုံးပြုနိုင်ပါတယ်။ PHEV ကားများသည် ၎င်းတို့၏ဘက်ထရီအား ဟိုက်ဘရစ်ကားများကဲ့သို့အလိုအလျှောက်အားသွင်းစနစ်ပါဝင်သော်လည်း Charger များဖြင့်လဲ အားသွင်းနိုင်ပါတယ်။

Battery Electric Vehicles (BEV) – ဘက်ထရီလျှပ်စစ်ကားများကတော့ လောင်စာဆီအသုံးပြုခြင်းလုံးဝမရှိဘဲ လျှပ်စစ်စွမ်းအင်ကို အဓိကစွမ်းအင်အရင်းအမြစ်အသုံးပြုသည့် လျှပ်စစ်ကားစစ်စစ်ဖြစ်ပါတယ်။ ဒါကြောင့် BEV ကားများသည်လောင်စာဆီသုံးမော်တော်ယာဉ်များကဲ့သို့ သဘာဝပတ်ဝန်းကျင်အားထိခိုက်စေသည့်ဓာတ်ငွေ့ထုတ်လွှတ်ခြင်းလုံးဝမရှိဘဲ ၂၁ရာစုတွင် ကမ္ဘာတစ်ဝှမ်း၌ သုံးစွဲမှုတစ်နှစ်ထက်တစ်နှစ် မြှင့်တက်လျှက်ရှိပါတယ်။

Geometry သည် Geely Auto Group တွင်လျှပ်စစ်ကားသီးသန့်ထုတ်လုပ်လျှက်ရှိသည့် အမှတ်တံဆိပ်ခွဲတစ်ခုဖြစ်ပါတယ်။ လာမည့်အနာဂတ်တွင်လဲ ဆလွန်း၊ SUV နှင့် MPV လျှပ်စစ်ကားအမျိုးအစားအသစ်များကိုရောင်းချသွားရန်ဆောင်ရွက်လျှက်ရှိပြီး လက်ရှိတွင် BEV လျှပ်စစ်ကားအမျိုးအစားဖြစ်သည့် Geometry C ကို ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့်အရှေ့တောင်အာရှနိုင်ငံများတွင် ရောင်းချလျှက်ရှိပြီး မကြာမီမြန်မာနိုင်ငံတွင်စတင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။