ဘီးတွေအနောက်က အမျိုးသမီး
ဒီလမှာတော့ ကျွန်တော်တို့သည် အမျိုးသမီး တက္ကစီဒရိုင်ဘာ
မစန်းစန်းမြင့် ကို ရန်ကုန်ရဲ့လမ်းတွေထက်မှာ လူတွေရဲ့သွားလာရေးအကြောင်းပြောဖို့ မျှော်လင့်မိပါတယ်။
ယွန်းယွန်း
DRIVE – အစ်မ တစ်နေ့ကို ဝင်ငွေဘယ်လောက်ရလဲ။ တက္ကစီငှားမောင်းခ ဘယ်လောက်ပေးရလဲ။ ပုံမှန်စီးတဲ့ ဖောက်သည်တွေရော ရှိလား။
မစန်းစန်းမြင့် – လွန်ခဲ့တဲ့ နှစ်နှစ်သုံးနှစ်လောက်ကဆိုရင် တစ်နေ့ကို အနည်းဆုံးမဝင်ရင်တောင် သုံးသောင်းလောက်က ပုံမှန်ကိုရတယ်။ ကားတွေလည်း အခုလောက်ထိ မကျပ်ဘူး။ အခုချိန်မှာတော့ ကားတွေကလည်း ကျပ်တယ်။ တက္ကစီတွေကလည်း အရင်ထက်စာရင် အရေအတွက်က ပိုများလာတဲ့အတွက် အရင်နဲ့စာရင် တစ်ဝက်လောက်ပဲရတော့တယ်။ အခုချိန်မှာ တစ်နေ့ဝင်ငွေက အများဆုံး တစ်သောင်းခွဲလောက်ပဲရတယ်။ တအားကံကောင်းတဲ့နေ့လောက်သာ နှစ်သောင်းကျော်လောက်ရတာ။ ပြီးတော့ ကျွန်မက ကိုယ်ပိုင်ကားမောင်းတာဆိုတော့ အုံနာကြေးပေးစရာမလိုပေမယ့် တချို့အငှားလိုက်ရတဲ့သူတွေဆိုရင် ပိုဒုက္ခရောက်တယ်။ စပေါ်က သုံးလေးသိန်းလောက် တင်ထားရတယ်။ ပြီးတော့ တစ်ရက်ကို တစ်သောင်းပုံမှန်ပေးရတယ်။ တစ်ရက်ကို အုံနာကြေးရဖို့တောင် မနည်း ရုန်းကန်နေရတဲ့သူတွေ ရှိတယ်။ ကျွန်မက အမျိုးသမီးတက္ကစီ ဒရိုင်ဘာအဖြစ် မောင်းလာတာ အခုဆိုရင် လေးနှစ်လောက်ရှိပါပြီ။ ကျွန်မကိုယ်တိုင်ကလည်း မန္တလေးအက်ဖ်အမ်မှာ အခမဲ့ယာဉ်ကြောသတင်းပေးသမားအဖြစ်လည်း အမြဲသတင်းပေးနေတဲ့သူဆိုတော့ Volunteer Traffic Reporter/Taxi Driver ဆိုပြီး ကျွန်မကိုယ်ပိုင် Name Card ကလေးတွေ လုပ်ထားတယ်။ ပြီးတော့ ကျွန်မကားကိုစီးတဲ့လူတိုင်းကို ကျွန်မ Name Card အမြဲပေးပါတယ်။ နောက်စီးချင်ရင်လည်း ဆက်သွယ်လို့ရအောင်ပါ။ ပြီ်းတော့ ဈေးကိုလည်း တောင်းသင့်တဲ့ဈေးကိုပဲ တောင်းပါတယ်။ Name Card တွေပေး၊ ကိုယ့်ကိုကိုယ် မိတ်ဆက်ရင်းကနေပဲ ဖောက်သည်တွေ များများရအောင် လုပ်ရပါတယ်။ တက္ကစီယာဉ်မောင်း အများစုမှာ ကျွန်မလို Name Card ရှိမှာမဟုတ်ဘူးလို့ ကျွန်မထင်တယ်။ တက္ကစီသမားတွေအနေနဲ့ ဖောက်သည်တွေပိုရဖို့ ကျွန်မလို Name Card တွေလုပ်ဖို့ အကြံပေးချင်ပါတယ်။
DRIVE – ရက်သတ္တပတ်မှာ ဘယ်နေ့နဲ့ ဘယ်အချိန်က အစ်မတို့အတွက် အကောင်းဆုံးလို့ဆိုနိုင်သလဲ။
မစန်းစန်းမြင့် – ကျောင်းဖွင့်တဲ့ရက်တွေဆိုရင်တော့ မနက်ပိုင်းကျောင်းတက်ချိန်၊ ရုံးသွားချိန်ဖြစ်တဲ့ မနက် ၈နာရီလောက် ပြီးတော့ ညနေဆိုရင် ကျောင်းဆင်းချိန်၊ ရုံးဆင်းချိန်ဖြစ်တဲ့ ညနေ ၅ နာရီကနေ ၆ နာရီ ၇ နာရီ လောက်အထိတော့ သာမန်နေ့လည် နေ့ခင်းအချိန်တွေထက် ခကျအသာနမ များများပိုရတယ်။ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်တွေကတော့ ပုံမှန်လောက်ပါပဲ။ ကျွန်မပုံမှန် ဂိတ်ထိုးဖြစ်တာကတော့ တော်ဝင်စင်တာမှာပါ။ တခြားနေရာမှာလည်း သွားမထိုးဖြစ်ဘူး။
DRIVE – အစ်မရဲ့တက္ကစီအဖြစ် မောင်းချင်တဲ့ အကြိုက်ဆုံးနဲ့ အကောင်းဆုံးကားက ဘာကားဖြစ်မလဲ။
မစန်းစန်းမြင့် – တက္ကစီအတွက်ဆိုရင်တော့ Toyota Probox 2007 မော်ဒယ်ကားကို သဘောကျတယ်။
DRIVE – ကိုယ်ပိုင်ကားအနေနဲ့ ပိုင်ဆိုင်ခွင့်ရခဲ့မယ်ဆိုရင် ဘယ်လိုကားအမျိုးအစားကို နှစ်သက်ပါသလဲ။ မာစီးဒီးလား၊ BMW လား၊ ဖာရာရီလား။
မစန်းစန်းမြင့် – အခွင့်အရေးတစ်ခုအနေနဲ့ ဇိမ်ကျကျစီးဖို့ စိတ်ကြိုက်ကားတစ်စီးသာ ဝယ်ခွင့်ရမယ်ဆိုရင် ဖာရာရီကားကိုပဲ စီးချင်ပါတယ်။
DRIVE – အစ်မဖောက်သည်တွေထဲက အနှစ်သက်ဆုံး ဖောက်သည်တွေအကြောင်း ပြောပြနိုင်မလား၊
မစန်းစန်းမြင့် – ကျွန်မမှာ အမြဲတမ်းစီးနေကျ နိုင်ငံခြားသား ဖောက်သည်နှစ်ယောက်ရှိပါတယ်။ Mr. Sam နဲ့ Mr.Peter ဆိုပြီးတော့ ရှိတယ်။ Mr. Sam က စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပါ။ Mr. Peter ကတော့ မန္တလေးအက်ဖ်အမ်ရေဒီယို နည်းပြပါ။ မနက်ဆိုရင် ၈နာရီခွဲမှာ Mr. Sam ကိုပို့တယ်။ ၉ နာရီလောက်မှာတော့ Mr. Peter တို့ကို ပုံမှန်ပို့ပေးရတယ်။ မကြာခဏဆိုသလိုလည်း ကျွန်မကားကိုစီးဖူးတဲ့ customer တွေကပဲ ကျွန်မကို ဖုန်းဆက်ပြီးငှားတတ်ကြတယ်။ သူတို့ငှားတဲ့နေရာနဲ့ ကျွန်မရှိနေတဲ့နေရာ အဆင်ပြေသွားတော့လည်း လိုက်လိုက်တယ်။ ပုံမှန်ကတော့ နက်ဖြန်သွားမှာကို ကြိုသိတယ်ဆိုရင်တော့ တစ်ရက်ကြိုပြီးတော့ ချိန်းရင်ပိုအဆင်ပြေပါတယ်။ ပြီးတော့ တချို့ customer တွေက ကျွန်မကားကို အချိန်ပြတ်ငှားတာတွေလည်းရှိတယ်။ တစ်နေကုန် ပုတ်ပြတ်နဲ့ငှားတာတွေလည်း ရှိတယ်။ အဲကျရင်တော့ ဈေးကို ညှိပေးပါတယ်။
DRIVE – ကားငှားစီးသူတွေကြောင့် စိတ်ပျက်ရတာမျိုးရှိပါသလား။
မစန်းစန်းမြင့် – တချို့စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်တဲ့ ကားငှားစီးသူတွေလည်း ကြုံဖူးပါတယ်။ ပြီးတော့ အမျိုးသမီးယာဉ်မောင်းဖြစ်နေတဲ့အတွက် တချို့ မူးနေတဲ့အမျိုးသားတွေဆိုရင် စချင်နောက်ချင်ကြတာတွေ ရှိပါတယ်။ ထူးထူးခြားခြား နှောင့်ယှက်တာမျိုးတော့ ကိုယ်တိုင်မကြုံဖူးပါဘူး။ စိတ်အနှောင့်အယှက် အနည်းငယ်ဖြစ်တာလောက်ပဲ ကြုံဖူးပါတယ်။ ကျွန်မကိုယ်တိုင်ကလည်း အမျိုးသမီးယာဉ်မောင်းဖြစ်တဲ့အတွက် ခြောက်နာရီနောက်ပိုင်းငှားရင်းတော့ မြို့ထဲလောက်ပဲ ကျွန်မလိုက်ပါတယ်။ ပုံမှန် ခြောက်နာရီနောက်ပိုင်းဆို သိမ်းဖြစ်တာများတယ်။
DRIVE – အစ်မ ဒီအလုပ်ကိုကြိုက်လား။ ဘာလို့ကြိုက်တာလဲ၊
မစန်းစန်းမြင့် – တက္ကစီစမမောင်းခင်မှာလည်း အမျိုးသမီးတက္ကစီ Driver တွေ ရှိရဲ့လား ကျွန်မအရင်စုံစမ်းကြည့်သေးတယ်။ အများကြီးတော့ မဟုတ်ပေမယ့် ရှိတယ်လို့သိသိချင်း ကျွန်မဒီအလုပ်ကိုစလုပ်ခဲ့တာပါ။ ကျွန်မက ကလေးနှစ်ယောက်မိခင်လည်းဖြစ် single mom လည်းဖြစ်နေတော့ ကလေးတွေရဲ့ ကျောင်းစရိတ်တွေ နေဖို့စားဖို့ တစ်ယောက်တည်းရုန်းကန်ရတယ်။ ကားမောင်းတာက လက်ထဲမှာ ပိုက်ဆံအမြဲကိုင်နေရတဲ့အတွက် သဘောကျတယ်။ တခြားလခစားအလုပ်တွေလည်း အများကြီးလုပ်ဖူးပါတယ်။ တစ်လနေမှ ပိုက်ဆံမြင်ရတာဆိုတော့ ရက်နှစ်ဆယ်လောက်ဆိုရင် အခြေအနေက မဟန်တော့ဘူး။ အဲတော့ အမြဲတမ်းပိုက်ဆံကိုမြင်နေရတဲ့ အမျိုးသမီး တက္ကစီယာဉ်မောင်းဘဝကို ကျွန်မတကယ် နှစ်သက်တယ်။
DRIVE – တခြားကြုံခဲ့ရတဲ့ ဟာသအခြေအနေပဲဖြစ်ဖြစ် ကိုယ်တိုင်ကြုံခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုပဲဖြစ်ဖြစ် ပြောပြပေးပါ။
မစန်းစန်းမြင့် – ဟာသတော့မဟုတ်ပေမယ့် ကျွန်မတို့ တက္ကစီယာဉ်မောင်းတိုင်းကြုံတွေ့ရတဲ့ အခက်အခဲ တစ်ခုရှိပါတယ်။ အဲဒါက ဂိတ်ထိုးတဲ့နေရာ ပြဿနာပါ။ တစ်ခါဆိုရင် Market Place တက္ကစီဂိတ်မှာ ကျွန်မက အဲဒီမှာဂိတ်ထိုးတာကို အဲဂိတ်က လူတွေက မကျေနပ်ကျတော့ ကျွန်မကို အလှည့်မပေးဘူး။ အမှန်ဆို တစ်ယောက်ပြီးတစ်ယောက် အလှည့်ကျ လိုက်ရတာပါ။ အဲဒီမှာ ကျွန်မနဲ့ စကားတွေများတဲ့အထိပါ ဖြစ်ခဲ့ဖူးပါတယ်။ နောက်ပိုင်းတော့ တော်ဝင်စင်တာမှာပဲ အမြဲဂိတ်ထိုးပါတယ်။
DRIVE – ခုဆိုရင် အွန်လိုင်းကနေ ချိတ်ဆက်လုပ်ဆောင်တဲ့ တက္ကစီဝန်ဆောင်မှုတွေ အများကြီးပေါ်လာတဲ့နောက် တက္ကစီယာဉ်မောင်းတွေလည်း အဲဒီဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်လာကြတာ အတော်များလာပြီဖြစ်ပါတယ်။ အစ်မအနေနဲ့ကော အဲဒီ service တွေနဲ့ ချိတ်ဆက်လုပ်ဆောင်သွားဖို့ အစ်ီအစဉ်ရှိပါသလား။
မစန်းစန်းမြင့် – ဟုတ်ကဲ့ — အခုအချိန်မှာ အဲဒီလို အွန်လိုင်းကနေချိတ်ဆက်တဲ့ တက္ကစီဝန်ဆောင်မှုတွေနဲ့ ချိတ်ဆက်လုပ်ဆောင်ဖို့ ကျွန်မကိုလည်း ကမ်းလှမ်းခံခဲ့ရဖူးပါတယ်။ သူတို့ပြောတာက တစ်ချိန်လုံး အွန်လိုင်း ဖွင့်ထားရမယ်။ သူတို့ကို ချိတ်ဆက်လာတဲ့ ဖောက်သည်တွေနဲ့ ကျွန်မတို့ကို ချိတ်ဆက်ပေးမယ်။ တစ်မိနစ်ကိုဘယ်လောက်နှုန်းဆိုတာမျိုးနဲ့ တောင်းတယ်။ အဲအပေါ်မှာမှ သူတို့ကို ကျွန်မတို့က ၂၀ရာခိုင်နှုန်းပြန်ပေးရတယ်။ အရင်တုန်းကတော့ ဆက်သွယ်ဖို့ စဉ်းစားခဲ့ပေမယ့် အဲ့ဒီကုမ္ပဏီတွေနဲ့ အလုပ်လုပ်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေက မလုပ်ဖို့ဘဲ တားကြတာနဲ့ ကျွန်မလည်း မလုပ်ဖြစ်ခဲ့ဘူး။ ကိုယ့်ဘာသာပဲ တစ်နေ့ဝင်သလောက်လေးနဲ့ပဲ အဆင်ပြေအောင် ရုန်းကန်နေပါတယ်။