ဒီနှစ်အစောပိုင်းမှာ ရန်ကုန်တွင် ကားစိတ်ဝင်စားသူများ ပွဲတစ်ခုကျင်းပခဲ့ပါတယ်။ စိတ်အားထက်သန်တဲ့ လူငယ်တွေကြား မိတ်ဆွေဖွဲ့မှုတစ်ခုပေါ့။ သူတို့ အိပ်မက်ထဲက ကားတွေနဲ့အတူ သူတို့ ကိုယ်ပိုင်ကားကလပ်လေးဖွဲ့ထားပါတယ်။
ကားစိတ်ဝင်စားသူ လူငယ် (၇) ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အသင်းလေးကတော့ Motor Speed Rogues လို့ ခေါ်ပါတယ်။ သူတို့ရဲ့ ကျွမ်းကျင်မှုတွေ၊ ကားအကြောင်းတွေ ပြောဖို့ အပတ်တိုင်းတွေ့ဆုံကြပါတယ်။ သူတို့ကားတွေမှာ ကြုံတွေ့ရတဲ့ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ တစ်ယောက်ကို တစ်ယောက် ကူညီကြပါတယ်။ မကြာသေးမီက ကျွန်တော်တို့ရဲ့ DRIVE မဂ္ဂဇင်း ရီပိုတာ ယွန်းယွန်း က ကန်တော်ကြီး ခရီးတိုတစ်ခုမှာ Motor Speed Rogues အသင်းရဲ့ အသင်းသား (၅) ယောက်ကို တွေ့ဆုံပြီး သူတို့ကားတွေ အကြောင်း မေးမြန်းခဲ့ပါတယ်။
ဒေါက်တာ ဖြူခိုင်ကျော်
ခင်ဗျားရဲ့ အိပ်မက်ကားက-ကျွန်မကားအမျိုးအစားကFair Lady 350 Z အမျိုးအစားပါ။ Nissan၊ မော်ဒယ်က ၂၀ဝ၂ ပါ။ ကားနာမည်ကို Little Puca လို့ ပေးထားတယ်။
ကျွန်မစိတ်ကူးထဲက ကားက Fair Lady 350 Z ပါပဲ။ ကျွန်မအိပ်မက်ထဲက ကားကို အပြင်မှာ တကယ်ပိုင်ဆိုင်ထားတယ်လို့ ပြောရင်လည်း မမှားပါဘူး။
ရန်ကုန်မှာ ကားမောင်းရတာ ဘယ်လိုနေလဲ-ရန်ကုန်မှာ ကားအကျပ်ဆုံးနေရာတွေက ပါရမီနဲ့ မြို့ထဲဘက်အခြမ်းတွေမှာ ပိုကျပ်တယ်။ လက်ရှိရန်ကုန်မှာက လူလတ်တန်းစားတွေမှာတောင် လူဦးရေနဲ့တွက်ရင် အိမ်တစ်အိမ်မှာ ကားနှစ်စီးကနေ သုံးစီးအထိ ရှိနေကြတယ်။ အဲလိုကားတွေ တအားပေါလာတာရယ်၊ တစ်ဖက်နိုင်ငံကလည်း ကားတွေ အဆက်မပြတ်သွင်းနေတာရယ်ကြောင့် ကားနဲ့ လူအရေအတွက်က မျှသလိုဖြစ်လာတဲ့အတွက် ယာဉ်ကြောတွေပိုကျပ်လာတယ်။ အဲဒါတွေကို ဖြေရှင်းဖို့ဆိုရင် လမ်းတွေကို ပြန်ပြင်ရမယ်။ ခြောက်လမ်းမောင်းတဲ့လမ်းဆိုရင် ခြောက်လမ်း၊ ရှစ်လမ်းမောင်းတဲ့လမ်းဆိုရင် ရှစ်လမ်း အပြည့်မောင်းနိုင်အောင် လုပ်ပေးရမယ်။ ပြီးတော့ traffic jam မဖြစ်အောင် နောက်တစ်ခု ပြင်ရမှာက ကားပါကင်တွေကိုလည်း သေချာလုပ်ပေးနိုင်ရင် ပိုကောင်းလာမယ်လို့ ထင်ပါတယ်။
အမှတ်တရကတော့ ဒီကားလေးကို ပိုင်ဆိုင်ခွင့်ရတာကိုက အမှတ်တရပါ။
ဇင်မင်းဦး
ခင်ဗျားရဲ့ အိပ်မက်ကားက-ကျွန်တော့်ကားအမျိုးအစားက Nissan Fair Lady 300 ZX ပါ။ Model ကတော့ ၁၉၉၈ မော်ဒယ်ပါ။ ကားနာမည်ကို Kuzuri လို့ ပေးထားတယ်။ ဂျပန်နာမည်ပါ။ အဓိပ္ပာယ်က မှော်အစွမ်းတွေနဲ့ပြည့်နေတဲ့ မသေနိုင်တဲ့ နတ်ဆိုးလို့ ရပါတယ်။ မှော်အစွမ်းတွေနဲ့ပြည့်နေတဲ့ မသေနိုင်တဲ့ Kuzuri လိုဖြစ်ချင်လို့ ကျွန်တော့်ကားလေးကိုလည်း အဲနာမည်ပေးလိုက်တာပါ။ ကျွန်တော်က အနီရောင်ဆို လုံးဝ crazy ပဲ။ လတ်တလော အခွင့်အရေးသာရမယ်ဆိုရင် GTR 35 အနီရောင်တစ်စီးလိုချင်တယ်။
ရန်ကုန်မှာ ကားမောင်းရတာ ဘယ်လိုနေလဲ-ယာဉ်ကြောကျပ်တဲ့ အခြေအနေကတော့ ရန်ကုန်က အဆိုးဆုံးပဲ။ ကျောင်းသွားချိန်တွေဖြစ်တဲ့ မနက်၈နာရီကနေ ကျောင်းဆင်းချိန် ညနေ သုံးနာရီ၊ လေးနာရီလောက်ကတော့ တော်တော်ကို ဆိုးဆိုးရွားရွားကျပ်တယ်။ အဲလို ယာဉ်ကြောကျပ်တော့ ကျွန်တော်တို့ကားတွေ ဆီပိုကုန်တာပေါ့။ ခုဆိုရင် အမြန်လမ်းတွေမှာ ကားတစ်စီးမောင်းရမယ့် နှုန်းထက်ပိုမောင်းရင် ဖမ်းတဲ့အချက်ပြစက်တွေနဲ့ တိုင်းတာစစ်ဆေးနေပြီဆိုတော့ နောင်တစ်ချိန်မှာ ဒီထက်ပိုလုပ်လာနိုင်ရင် ယာဉ်မတော်တဆတိမ်းမှောက်မှုတွေကိုပါ ထိန်းချုပ်လာနိုင်မယ်။ ပြီးတော့ လူတွေ ပိုစည်းကမ်းရှိလာမယ်။
ကားမောင်းရင်း အဆိုးဆုံးအတွေ့အကြုံ- ကျွန်တော့်ကားလေးနဲ့ ကြုံခဲ့ရတဲ့ အမှတ်တရဆိုရင် ဆရာစံလမ်းမှာ ကျွန်တော့်ကားလေးကို ဟန်အပြည့်နဲ့ အမိုးလေးဖွင့်ပြီးမောင်းလာတယ်။ မိုးကရုတ်တရက်ရွာချတော့ ဟန်အပြည့်နဲ့ မောင်းလာတဲ့ကျွန်တော် ကပျာကယာဆင်းပြီး အမိုးကို ကမန်းကတန်းပိတ်ခဲ့ရပါတယ်။
စိုးညဏ်ပိုင် 
ခင်ဗျားရဲ့ အိပ်မက်ကားက- ကျွန်တော့်ကားအမျိုးအစားကNissan Skyline GTT 34
ပါ။ ဂျပန်နိုင်ငံထုတ် ၁၉၉၈ မော်ဒယ် ဖြစ်ပါတယ်။ ကားနာမည်ကတော့ RB Blacky လို့ ပေးထားတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ကားအင်ဂျင်က RB အင်ဂျင်ဖြစ်ပြီး ကားအရောင်က အနက်ရောင်မို့ RB Blacky လို့ ပေးလိုက်တာပါ။ ကျွန်တော့်စိတ်ကူးအိပ်မက်ထဲက ပိုင်ဆိုင်ချင်တဲ့ကားဆိုရင်တော့ Silvia ချောကလက်ရောင် ဖြစ်ပါတယ်။
ရန်ကုန်မှာ ကားမောင်းရတာ ဘယ်လိုနေလဲ-ရန်ကုန်မှာ ယာဉ်ကြောကျပ်တာကတော့ ပုံမှန်လိုလို ဖြစ်နေပါပြီ။ ဘာကြောင့်ယာဉ်ကြောတွေ ဒီလောက်ကျပ်တာလဲဆိုရင် အများဆုံးကတော့ စည်းကမ်းမရှိတဲ့ ဘတ်စ်ကားတွေနဲ့ တက္ကစီကားတွေကြောင့်လို့ ထင်ပါတယ်။ အခုဆိုရင် ခုံးကျော်တံတားတွေလည်း အများကြီး ဆောက်လုပ်လာပြီဆိုပေမယ့် ချမှတ်ထားတဲ့ ယာဉ်စည်းကမ်းတွေကိုလိုက်နာမှ ယာဉ်ကြောကျပ်တာကို လျှော့ချနိုင်မယ်။ ပြီးတော့ ကားမောင်းတဲ့သူတိုင်းလည်း သေချာပေါက်စည်းကမ်းလိုက်နာမှကို ဖြစ်မယ်။ ယာဉ်မောင်းတိုင်း စည်းကမ်းလိုက်နာလာပြီဆိုရင်တော့ ကောင်းသောပြောင်းလဲခြင်းတွေ ဖြစ်လာမှာပါ။
ကားမောင်းရင်း အဆိုးဆုံးအတွေ့အကြုံ-ကားမောင်းရင်း မှတ်မှတ်ရရဆိုရင် ကားဘီးပေါက်နေတာကိုသိတယ်။ ဒါပေမယ့် ကားရပ်လိုက်ရင် Free ကြောမဟုတ်လို့ နောက်ကကားတွေ တန်းစီဟွန်းတီးမှာစိုးပြီး မှေးမောင်းရင်းကနေ တာယာတစ်လုံးလုံး ကွဲသွားဖူးတယ်။
ခန့်ဇော်ဟိန်း
ခင်ဗျားရဲ့ အိပ်မက်ကားက-ကျွန်တော့်ကားအမျိုးအစားက Mark 2 IRV အမျိုးအစားပါ။ မော်ဒယ်က ၂၀ဝ၁ ၊ ဂျပန် made ပါ။ ကားနာမည်ကို ဗန်ဒါလေးလို့ ပေးထားတယ်။ ကျွန်တော့်မျက်လုံးထဲမှာ ဒီကားကို ဗန်ဒါလေးတစ်ကောင်လိုပဲ မြင်နေမိလို့ ဗန်ဒါလေးလို့ ပေးထားတာပါ။ ကျွန်တော့်စိတ်ကူးထဲက အရူးအမူးလိုချင်နေတဲ့ ကားက Nissan Skyline R32 GTR ပါ။
ရန်ကုန်မှာ ကားမောင်းရတာ ဘယ်လိုနေလဲ- ရန်ကုန်ဆိုတာနဲ့ ယာဉ်ကြောကျပ်ကို ကျပ်ရမယ်ဆိုတဲ့မြို့လို့ ပြောရင်တောင်ရတယ်။ တစ်ခါတလေ အမြဲတမ်းကျပ်ပြီး ပိတ်နေကျ လှည်းတန်းလိုနေရာမှာ တစ်ခါတည်းနဲ့ မီးပ္ပိုင့်လွတ်ခဲ့ရင်တောင် မနေတတ်တော့အောင် ယာဉ်ကြောကျပ်တာက ကျွန်တော်တို့တွေအတွက် သာမန်လိုဖြစ်နေပါပြီ။ အဆိုးဆုံးကတော့ ၁၅မိနစ်လောက်အချိန်ပေးသွားလို့ရတဲ့နေရာကို တစ်နာရီကျော်လောက် အချိန်ပေးသွားနေရတာပါ။ ဒါကတော့ တော်တော်ကို ဆိုးပါတယ်။ အချိန်တွေလည်း အလကား တျေအန ဖြစ်တယ်။ ခုအစိုးရသစ်လက်ထက်မှာ ရက်၁၀ဝ စီမံကိန်းတွေနဲ့ နယ်ပယ်ပေါင်းစုံ၊ နေရာပေါင်းစုံမှာ ပြောင်းလဲရေးစီမံကိန်းတွေနဲ့ သေချာလုပ်ဆောင်နေတာဆိုတော့ ယာဉ်ကြောမကျပ်အောင်လည်း သူတို့စီမံမှာပါပဲ။ ဘာတွေပြောင်းလဲလာမယ်ဆိုတာကတော့ စောင့်ကြည့်နေရုံပါပဲ။
ကားမောင်းရင်း အဆိုးဆုံးအတွေ့အကြုံ- ကားမောင်းတဲ့အတွေ့အကြုံကတော့ ကားတိုက်ခဲ့ဖူးတယ်။ ပြင်ရင် ၂၀ဝ၀ဝ ကျပ် လောက်နဲ့ အဆင်ပြေမယ့်အခြေအနေကို ၂၀ဝဝ၀ဝ ကျပ်လောက် ငွေညှစ်တာခံခဲ့ဖူးတယ်။ နောက်တော့ ဝပ်ရှော့မှာပြင်ပေးတော့လည်း ၂၀ဝ၀ဝ ပဲကုန်သွားတယ်။
အောင်ဟိန်း
ခင်ဗျားရဲ့ အိပ်မက်ကားက-ကျွန်တော့်ကားအမျိုးအစားက Misubishi evolution 7 ပါ။ မော်ဒယ်က ၂၀၁၃ ၊ ဂျပန် made ပါ။ ကားနာမည်ကို Stussy CVO လို့ ပေးထားတယ်။
ကျွန်တော့်အိပ်မက်ထဲက ကားဆိုရင် Lancer Evolution 7 Voltex Body Kid ပါပဲ။
ရန်ကုန်မှာ ကားမောင်းရတာ ဘယ်လိုနေလဲ-ကျွန်တော့်အမြင်ကတော့ လမ်းမပေါ်မှာ ကျူးကျော်ပြီး ဈေးတက်ရောင်းနေတဲ့ဈေးသည်တွေကြောင့် ယာဉ်ကြောကျပ်တာလို့မြင်တယ်။ တရုတ်တန်းလိုနေရာမှာဆိုရင် ပိုဆိုးတယ်။ ဈေးသည်တွေ လမ်းပေါ်တက်ရောင်းနေတာ ကားတောင်သွားမရတဲ့အခြေအနေတွေ ရှိတယ်။ အခုဆိုရင် အစိုးရသစ်လည်းတက်လာပြီဆိုတော့ ကောင်းတာတွေကိုပဲ ကျွန်တော်တို့အများဆုံးမျှော်လင့်ထားပါတယ်။
ကားမောင်းရင်း အဆိုးဆုံးအတွေ့အကြုံ-မိုးရွာနေတဲ့အချိန်မှာ ကျွန်တော်ဆေးလိပ်သောက်ချင်လို့ ကားတံခါးမှန်လေးကို နည်းနည်းလေးပဲ ဖွင့်ပြီး ဆေးလိပ်သောက်နေတုန်း ဘေးကကားက ဗွက်အိုင်ကို အရှိန်နဲ့ ဖြတ်မောင်းသွားတာ အဲဒီဟထားတဲ့နေရာကနေ ရေတွေ အလုံးအရင်းဝင်လာပြီး ကားရဲ့အတွင်းခန်းတစ်ခုလုံး စိုကုန်တယ်။ ဒရိုင်ယာနဲ့ အခြောက်ခံလိုက်ရတာကတော့ အမှတ်တရပေါ့။