Unicode version…


Budget – TVS Apache RTR 180 …




Performance – KTM Adventure 1190 …




SONY DSC

New Arrival – 2017 Ducati Monster 821 …





ကြောျနန်ဒ (မွလေတျသား)

Zawgyi version..

အခုလမှာတော့ Driveပရိတ်သတ်ကြီးကို ဈေးကွက် အတွင်းက လူကြိုက် အများဆုံး Sportဆိုင်ကယ်တွေ အကြောင်း ပြောပြချင်ပါတယ်။ ၂၀၁၇ခုနှစ် နှစ်ဝက်တာ ကာလအတွင်း ဈေးကွက်မှာ အ၀ယ်လိုက်နေတဲ့ မော်ဒယ်တွေလည်း ဖြစ်ပါတယ်။


အိန္ဒိယ အခြေစိုက် ကုမဏီရဲ့ ထုတ်လုပ်မှု ဖြစ်ပြီး Apache RTR 180အနေနဲ့က အင်ဂျင်ပိုင်းမှာလည်း ၁၅၀ စီစီသုံးတွေထက် ပိုမို ကြီးမားလို့ စွမ်းဆောင်ရည် သိသိသာသာ ကောင်းမွန်လာတာလည်း တွေ့ရပါတယ်။ အရောင် ၄မျိုးထိအောင် ထုတ်လုပ်တာ တွေ့ရပါတယ်။ တစ်နာရီ ၁၂၄ ကီလိုမီတာထိအောင် အမြန်ဆုံး မောင်းနှင်နိင်ပါတယ်။ ဒါဟာ ၁၈၀ စီစီသုံး အင်ဂျင်တစ်ခုအတွက် အနေတော်ပါပဲ။ ပြည်တွင်းလမ်းကြောင်း အနေအထားမှာလည်း ပုံမှန် အိမ်စီးဆိုရင် ၇၀ ကီလို၊ အခုလို Sportတွေဆိုရင် ကီလို ၁၀၀ထက် ပိုမမောင်းသင့်ပါဘူး။ အင်ဂျင်က မြင်းကောင်ရေ ၁၇.၃ကောင်အား ထွက်ရှိပါတယ်။ Clutchစနစ်နဲ့ ဖြစ်ပြီး ဂီယာချက် ၅ချက် သုံးနိုင်ပါတယ်။ ကျွန်တော့် အမြင်မှာတော့ ဂီယာချက်က ၆ချက်လောက်ဆိုရင် ပိုကောင်းမှာပါ။ အခုလို ၅ချက်တည်း ဖြစ်နေတာက မြန်နှုန်းမြင့် မောင်းနှင်လာရင် အင်ဂျင်သံ ဆူညံလာပါလိမ့်မယ်။

ဘီးတွေက ၁၇လက်မအရွယ်၊ ရှေ့တာယာက 90/90 x17၊ နောက်ဖက် တာယာက 110/80 x 17တာယာ၊ ခရီးဝေး မောင်းနှင်နိုင်မှုရော လမ်းကြမ်းပိုင်း စွမ်းဆောင်ရည်ပါ ကောင်းမွန်တယ်၊ Tubelessပုံစံနဲ့ လာတယ်၊ ဘရိတ်စနစ်က Disc၊ ခွေတွေက Alloyသား၊ Suspensionမှာတော့ ပုံမှန် Telescopic Forksနဲ့ Monotubeတွေကို ထိုင်ထားတယ်၊ မြေပြင်ကနေ ကိုယ်ထည်က ၁၆၅ မီလီမီတာ လွတ်တယ်၊ အလေးချိန် ၁၃၉ဂရမ်ရှိတယ်၊ ပေါ့ပါတယ်၊ စိတ်ကြိုက် ထိန်းချုပ်မောင်းနှင်နိုင်မှု ပေးနိုင်မယ့် မော်ဒယ်ပါ။ ဆီတိုင်ကီက ၁၆လီတာ ဆံ့ပါတယ်။ ဆီစားနှုန်းက တစ်လီတာကို ၄၅ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။ တန်းတူ အင်ဂျင်တပ် ဆိုင်ကယ်တွေထဲမှာ ဆီစားနှုန်း အချိုဆုံးလောက် ဖြစ်ပြီး စွမ်းဆောင်ရည်တော့ အသင့်ပဲ ရှိပါတယ်။ ဆီတိုင်ကီ အပြည့်နဲ့ဆိုရင် ကီလိုမီတာ ၇၂၀ထိအောင် ရောက်နိုင်ပါတယ်။ သဘောကျစရာပါ။ ဒိုင်ခွက်မှာ မြန်နှုန်းပြ စနစ်က Digitalနဲ့ လာတယ်၊ ဆီဂိတ်၊ အင်ဂျင်လည်ပတ်နှုန်းပြစနစ်၊ ကီလိုပြစနစ်တွေနဲ့ ဒိုင်ခွက်က အစုံထည့်ထားတာ တွေ့ရပါတယ်။

လျှပ်စစ်စနစ်နဲ့ အင်ဂျင်ကို စက်နှိုးဖို့ ပါရှိတယ်၊ Tripmeter ၂လုံးပါပြီး သူလည်း Digitalနဲ့ပါ။ ဆီကုန်တော့မယ်ဆိုရင်လည်း အချက်ပြမယ်၊ အင်ဂျင်ဝိုင်မကောင်းတော့ရင်လည်း အချက်ပြမယ်၊ ဘက်ထရီ အားနည်းနေရင်လည်း အချက်ပြမယ်။ ဘရိတ်က ABSစနစ်တွေနဲ့ ဖြစ်ပါတယ်။ ရှေ့မီးကြီးတွေက ဟေလိုဂျင် အမျိုးအစားတွေ ဖြစ်ပြီး အချက်ပြနဲ့ ဘရိတ်မီးတွေကတော့ LEDတွေပါ။ စွမ်းဆောင်ရည်မြင့် မော်ဒယ်ထက် အလှစီးချင်သူတွေ အတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ လက်ရှိ ဈေးကွက်မှာ မော်ဒယ်က ၂၀၁၇ခုနှစ်ထုတ်ကို သိန်း ၃၀ကျော်လောက် ဈေးရှိနေတယ်လို့ သိရပါတယ်။


အင်ဂျင်စနစ်က ၇၅ ဒီဂရီအစောင်း အနေအထား ထည့်သွင်း တပ်ဆင်ထားတဲ့ ၁၁၉၅စီစီ အရွယ် LC8 V-twinအင်ဂျင်စနစ်။ အလွယ်တမ်း ပြောရရင် လက်ရှိ ပြည်တွင်း ဈေးကွက်ထဲက ၁.၀လီတာသုံး အင်ဂျင်တပ် Suzuki Carryလို မော်ဒယ်ရဲ့ အင်ဂျင်ထက်တောင်မှ နည်းနည်း အရွယ်ကြီးချင်သေးတယ်။ သူက လည်ပတ်အား တစ်မိနစ် အပတ်ရေ ၉၃၆၀မှာတင် မြင်းကောင်ရေ ၁၂၈.၈ကောင်အားထိအောင် ထုတ်လုပ်ပေးနိုင်မှာပါ။ စွမ်းဆောင်ရည်မြင့် ဆိုင်ကယ် ဆိုပေမယ့် လမ်းကြမ်းမောင်း ဦးစားပေး ပုံစံ မဟုတ်လို့ ရုန်းအား အပိုင်းမှာတော့ လျော့ထားတာ တွေ့ရပြီး ၈၁.၃ပေါင်-ပေပဲ ရှိတာ တွေ့ရပါတယ်။ ဒါပေမယ့် အလွယ်ဆုံး ရှေ့ထွက် Adventure 990မော်ဒယ်ဆိုရင် အင်ဂျင်စနစ်က ၁၀၀၀ စီစီသုံး အင်ဂျင်တပ်ဆင်ထားပေမယ့် စွမ်းအင်မှာ မြင်းကောင်ရေ ၈၉ကောင်ပဲ ထွက်ရှိလို့ အခု အင်ဂျင်က စွမ်းအင် ထုတ်လုပ်မှု သိသိသာသာ ပိုမို ကောင်းမွန်လာတာပါ။ အဓိက ပြိုင်ဖက် အနေနဲ့တော့ နာမည်ကျော် Ducati Multistradaကို ပြိုင်ဆိုင်ရဖို့ ရှိနေပြီး ဒီမော်ဒယ်ကတော့ မြင်းကောင်ရေ ၁၃၄ကောင်အား ထွက်ရှိတာ တွေ့ရပါတယ်။

အခု မော်ဒယ်မှာ သဘောကျစရာကောင်းတာ တစ်ချက်က အင်ဂျင် အအေးခံ စနစ်ပါ။ BMWကနေ ဖန်တီးပေးထားတဲ့ R1200GSအမည်ရှိ အင်ဂျင် အအေးခံစနစ် ထည့်သွင်းပေးထားလို့ ခရီးဝေးရော မြန်နှုန်းမြင့်ပါ စိတ်ကြိုက် မောင်းနှင်နိုင်လာတာပဲ ဖြစ်ပါတယ်။ မော်ဒယ်က ခရီးစဉ် တစ်မိုင်ရဲ့ လေးချိုး တချိုးကို ၁၀.၆၈ စက္ကန့်တည်းနဲ့ရောက်ရှိတယ်၊ ဒီလို တစ်မိုင်ရဲ့ လေးချိုး တချိုးကို အမြန်ဆုံး မောင်းနှင်နေချိန်မှာ သူ့ရဲ့ အမြန်နှုန်းက ၁၂၈.၇၁မိုင်နှုန်းနဲ့ မောင်းနှင်နိုင်နေတယ်၊ မော်ဒယ်ကို အမြန်ဆုံး အနေနဲ့ တစ်နာရီ မိုင် ၁၅၀ထိအောင် မောင်းနိုင်တယ်။ လမ်းစို လမ်းကြမ်းမှာ စိတ်ကြိုက် မဖြစ်ပေမယ့် ကန္တာရအတွင်းလို လမ်းခြောက်မှာတော့ လမ်းကြမ်း အနေအထား ဖြစ်သည့်တိုင်အောင် အကောင်းဆုံး ရုန်းကန်နိုင်တာ တွေ့ရပါတယ်။

မော်ဒယ်က လျှပ်စစ်စနစ်နဲ့ စက်နှိုးနိုင်တယ်၊ ဆီဂါလံ ၆.၁ဂါလံထိအောင် ဆံ့ဝင်တယ်၊ ထိုင်ခုံက မြေပြင်ကနေ ၃၅လက်မ အမြင့်မှာ ရှိတယ်၊ ရှေ့ဖက် Suspensionစနစ်ကို Tube Diameterနဲ့ ထိုင်ထားပြီး နောက်ဖက် Suspensionစနစ်မှာ Single Shockကို ထိုင်ထားတာပါ။ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာ တစ်နာရီ မိုင် ၄၀နှုန်းကနေ ၆၀နှုန်းကို မောင်းနှင်သူရဲ့ ပုံစံ အပေါ် မူတည်ပြီး အချိန် ၃.၂စက္ကန့်နဲ့ ရောက်အောင် မောင်းနှင်နိုင်တယ်၊ ဆီတစ်ဂါလံကို ပျမ်းမျှ ၃၆မိုင်လောက်ထိအောင် စီးနင်းနိုင်တယ်၊ ဒါက အခြား အင်ဂျင် အသေးစားနဲ့ အလတ်စားတပ် မော်ဒယ်တွေထက် ဆီစားနှုန်း သိသိသာသာ ပိုချင်နေပေမယ့် သူ့ရဲ့ အင်ဂျင် အရွယ်နဲ့ ပြန်စာရင်တော့ သင့်ပါတယ်။ ဆီတိုင်ကီ အပြည့်နဲ့ ဆိုရင်တော့ ခရီးမိုင် ၂၂၆မိုင်လောက် ရောက်မှာပါ။ ဘရိတ်ပိုင်းမှာက တစ်နာရီ မိုင် ၃၀နှုန်းက ရပ်တန့်မယ် ဆိုရင် အကွာအဝေး ပေ ၃၀မှာပဲ ရပ်ပြီး အကောင်းဆုံးသော ဘရိတ်စွမ်းဆောင်ရည်ကို တွေ့ရပါတယ်။ ပြည်တွင်း ဈေးကွက်မှာတော့ တန်ကြေးမြင့် မော်ဒယ် ဖြစ်လို့ Adventure 1190ကို နေရာတိုင်းမှာ လူကြိုက်များနေတာ တွေ့ရပြီး စွမ်းဆောင်ရည် ဦးစားပေး မော်ဒယ်ကောင်းကောင်း လိုချင်သူတွေ အကြိုက်တွေ့မှာ ဖြစ်ခါ ဈေးနှုန်းက ၂၀၁၆ခုနှစ်ထုတ် ကီလို သုည Adventure 1190မော်ဒယ်ကို ဈေးနှုန်း သိန်း ၂၄၀လောက်နဲ့ရနိုင်နေတာတွေ့ရပါတယ်။


အရင်နှစ် မော်ဒယ်တွေကတည်းက ပြည်တွင်း ဈေးကွက်မှာ လူကြိုက်များနေတဲ့ မော်ဒယ် တစ်ခု ဖြစ်ပြီး အခုတော့ နောက်ဆုံးထုတ် အခုနှစ် မော်ဒယ် ဈေးကွက်မှာ ရလာနိုင်တာ ဖြစ်ပါတယ်။ အင်ဂျင်က L-Twinပုံစံထိုင်ထားတဲ့ 4 Strokeအင်ဂျင်စနစ်။ သူက အသက်ထွက် တည်ငြိမ်တယ်၊ မီးခိုးထုတ်လွှတ်မှု နည်းပါးတယ်၊ စွမ်းအင် ထုတ်လုပ်ပေးနိုင်မှု အားကောင်းစေပါတယ်။ အင်ဂျင်က လည်ပတ်အား တစ်မိနစ် အပတ်ရေ ၇၇၅၀မှာတင် ရုန်းအား ၆၅.၈ပေါင်-ပေရှိပြီး မြင်းကောင်ရေ အများဆုံး ၁၁၂ကောင်အားထိအောင် ထွက်ရှိမှာ ဖြစ်ပါတယ်။ အင်ဂျင်က တစ်မိနစ်ကို အပတ်ရေ အမြင့်ဆုံး ၉၂၅၀ထိအောင် လည်ပတ်မှာ ဖြစ်လို့ အမြန်ဆုံး မောင်းနှင်နိင်မှုနှုန်းက ထိပ်တန်း အဆင့် မရှိနိုင်ပေမယ့် သင့်ပါတယ်။ တန်းတူ စွမ်းဆောင်ရည်ဦးစားပေး မော်ဒယ်တွေကတော့ အင်ဂျင် အမြင့်ဆုံး လည်ပတ်နှုန်း တစ်မိနစ် အပတ်ရေ ၁သောင်းကျော်လောက်ထိအောင် ရှိတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလို အင်ဂျင် လည်ပတ်မှု အပတ်ရေ နည်းတာက တစ်ခုတော့ ကောင်းပါတယ်၊ အမြန်ဆုံး မောင်းနှင်နိုင်မှုနှုန်း လျော့နည်းသွားပြီး ပြည်တွင်း လမ်းကြောင်း အနေအထားမှာ မတော်တဆမှုမျိုး ဖြစ်နိုင်ချေ လျော့နည်းကောင်းမွန်စေပါတယ်။

အိတ်ဇောပိုင်းမှာ သံချေးမကိုက်နိုင်တဲ့ သံသားကို သုံးထားပြီး အပေါ်က အလူမီနီယမ်နဲ့ အုပ်ထားပါတယ်။ သဘောကျစရာပါ။ ဂီယာပိုင်းမှာက ၆ချက်သုံး ဖြစ်ပြီး ရှေ့ဘက် Sprocket ၁၅စိပ်နဲ့ နောက်ဖက်ကို ၄၆စိပ်သွားတွေ အဖြစ် သုံးထားတာပါ။ ကလပ်စနစ်က ပုံမှန် ကြိုးထိန်း Manualကလပ် ဖြစ်ပြီး APTC Slipperစနစ်ထည့်ထားလို့ ကလပ် အသုံးပြုရ ပေါ့ပါးကောင်းမွန်စေပါတယ်။

Suspensionပိုင်းမှာ ရှေ့ဖက်ကို ၄၃မီလီ ဖောက်နဲ့ ထိုင်ထားတယ်၊ ဘီးက ၁၀ချောင်းထောက် Alloyခွေနဲ့ လာတယ်၊ ပတ်လည်၁၇လက်မ အရွယ်ပါ။ 120/70 ZR17တာယာတွေ သုံးထားပါတယ်။ နောက်ဖက် Suspensionကိုတော့ Monoshockပုံစံ ထိုင်ထားပြီး ထူးခြားချက်က စိတ်ကြိုက် လမ်းကြောင်း အနေအထားအပေါ် မူတည်ပြီး ချိန်ညှိနိုင်မှာ ဖြစ်ပါတယ်။ Swingarmတွေကိုလည်း နောက်ဘီး တဖက်စီမှာ အကူထည့်ထားပါသေးတယ်။ နောက်ဘီးလည်း ရှေ့ဘီးနဲ့ ရွယ်တူ ဖြစ်ပေမယ့် တာယာမှာတော့ 180/60 ZR17တွေကို ထည့်ရမှာ ဖြစ်ပါတယ်။

ရှေ့ဖက်ရော နောက်ဖက် ဘရိတ်တွေက ABSနဲ့လာပြီး ထိန်းချုပ် မောင်းနှင်ရမှု အပိုင်းမှာ အမြန်နှုန်း လျော့ချမှု အထူးကောင်းမွန်တာ တွေ့ရပါတယ်။ ဒိုင်ခွက်က အဆင့်မြင့်ပုံစံ ဖြစ်လာပြီး Digitalနေရာမှာ အခု LCDနဲ့ ဖြစ်လာပါတယ်။ အလေးချိန် ၃၉၅.၇ပေါင် လေးပါတယ်၊ ဒါက ဆီမဖြည့်ထားတဲ့ အနေအထားပါ၊ ဘက်ထရီ၊ အင်ဂျင်ဝိုင်နဲ့ ဆီတွေ ဖြည့်လိုက်ရင်တော့ ၄၅၃ပေါင်လောက် လေးမှာပါ။ ထိုင်ခုံပိုင်းမှာလည်း မောင်းနှင်သူ အနေနဲ့ စိတ်ကြိုက် ချိန်ညှိနိင်မှု လုပ်ဆောင်နိုင်ဦးမှာ ဖြစ်ပြီး ၃၀.၉လက်မကနေ ၃၁.၉လက်မထိအောင် အနိမ့်၊ အမြင့် ချိန်နိုင်မှာပါ။ ဆီတိုင်ကီကတော့ ၄.၆ဂါလံထိအောင် ဆံ့ပါတယ်။  ကီိလိုမီတာ ၁၀၀ကို ဆီ ၅.၂လီတာနဲ့ ရောက်နိုင်ပါတယ်။ ဒါဆို တစ်ဂါလံကို ပျမ်းမျှ မိုင် ၄၅လောက် စီးနင်းနိုင်တာပါ အင်ဂျင် အရွယ်နဲ့ စွမ်းဆောင်ရည်တွေ ပြန်တွက်ရင် သင့်ပါတယ်။ ဈေးနှုန်းကတော့ အခုနှစ် ၂၀၁၇မော်ဒယ်ကို သိန်း ၁၆၀လောက်နဲ့ ရနိုင်နေတာ ဖြစ်ပါတယ်။

ကျော်နန္ဒ (မြေလတ်သား)