ဘယ်မော်ဒယ်ကို ရွေးချယ်မှာလဲ … ?
Suzuki Swift Vs Nissan March Vs Toyota Passo
တကယ်တမ်းဆိုရင်တော့ အခုလို Superminiတန်းဝင် မော်ဒယ် အများအပြား ဈေးကွက်မှာ ရှိနေပါတယ်။ Honda Fitအပါအ၀င် Toyota Vitz, Mazda Demioလို မော်ဒယ်မျိုးတွေပေါ့။ ဒါပေမယ့် ကျွန်တော်က တန်ဖိုးနည်း မော်ဒယ်တွေကို ရွေးချယ် ပြောချင်တာကြောင့် အခုလို တန်ဖိုးနည်းနည်းနဲ့ ရနိုင်မယ့် မော်ဒယ်တွေကို ပြောလိုက်တာ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ မြို့တွင်းသုံး သီးသန့် သမားတွေ အတွက် အဆင်ပြေမယ့် တန်ဖိုးနည်းနည်းနဲ့ ရနိုင်မယ့် မော်ဒယ်တွေပါ။ ကားဈေးတွေ တက်နေလို့ တချို့က ကားဈေး အကျကို စောင့်ရင်း တန်ဖိုးနည်း မော်ဒယ် ၀ယ်စီးမယ့် သူတွေ အတွက် အဆင်ပြေမယ့် မော်ဒယ်တွေ ဖြစ်မှာပါဗျာ။
အားသာချက် …
Swift – ဒီဇိုင်းလှပသေသပ်တယ်၊ အင်ဂျင်စွမ်းဆောင်ရည်ကောင်းတယ်၊ မော်ဒယ်စုံ ရနိုင်တယ်
March – ဈေးနှုန်း ချိုသာတယ်၊ ဆီစားနှုန်း နည်းပါးတယ်၊ အပိုပစ္စည်း ဈေးပေါတယ်
Passo – မော်ဒယ်စုံ ရနိုင်တယ်၊ အရည်အသွေးကောင်းမွန်တယ်၊ ဆီစားနှုန်း နည်းတယ်
အားနည်းချက် …
Swift – ဈေးနှုန်းမြင့်ချင်တယ်၊ အပိုပစ္စည်း ရှားချင်တယ်၊ ဆီစားနှုန်း အသင့်ပဲ ရှိတယ်
March – မော်ဒယ်နိမ့်တွေမှာ အားနည်းချက်များတယ်၊ ဆေးသားအကျယ်လွယ်တယ်၊ ဆွဲဆောင်မှု အားနည်းတယ်
Passo – မော်ဒယ်နိမ့်တွေက အရည်အသွေးအားနည်းချင်တယ်၊ ဈေးနှုန်း အသင့်ပဲ ရှိတယ်၊
ကိုယ်ထည်ပိုင်း …
ကျွန်တော်တို့ အရင်ဆုံး ကိုယ်ထည်ပိုင်းတွေကို လေ့လာရအောင်ပါ။ တပိုင်းချင်းစီကို ကြည့်ပါမယ်နော်။ ရုပ်ထွက်၊ ကိုယ်ထည် အရွယ်အစား၊ ကိုယ်ထည် အရည်အသွေးတွေပေါ့။ ပထမဆုံး ရုပ်ထွက်ပိုင်းမှာတော့ Swiftကို ယှဉ်နိုင်တဲ့ ရုပ်ထွက်ဆွဲဆောင်မှု အားကောင်းတဲ့ Superminiပြည်တွင်းမှာ မရှိသေးဘူးလို့တောင် ဆိုရမှာပါ။ Sportဆန်တဲ့ ရုပ်ထွက်ကို တွေ့နိုင်ပါတယ်။ တန်ဖိုးမြင့် Fitနဲ့ Poloလို မော်ဒယ်တွေတောင်မှ Swiftလောက် ဆွဲဆောင်မှု မကောင်းဘူးလို့ ဆိုချင်ပါတယ်။ နောက်တချက် ကိုယ်ထည် အရွယ်အစားမှာ မော်ဒယ် ၃ခုလုံးက အသေးစား မော်ဒယ်တွေပါပဲ။ အတွင်းခန်း အနေအထားမှာလည်း Swiftကပဲ အကျယ်ဝန်းဆုံး ဖြစ်ပါတယ်။ သူ့နောက်မှာတော့ Passoရှိမှာ ဖြစ်ပြီး Marchကတော့ မော်ဒယ်မြင့်တွေမှာ အတွင်းခန်း အနေအထား သင့်ပေမယ့် မော်ဒယ်နိမ့်တွေမှာတော့ အတွင်းခန်းက ကျဉ်းလည်း ကျဉ်းသလို အနေအထားကိုလည်း သဘောမကျပါဘူး။ နောက်ဆုံး ကိုယ်ထည်ပိုင်း အရည်အသွေး၊ Passoလည်း မဆိုးပါဘူး၊ သင့်ပါတယ်၊ မော်ဒယ်နိမ့် Marchတွေကတော့ ကိုယ်ထည်ပိုင်းလည်း ပျော့ပါတယ်၊ Swiftတွေကတော့ ဂျပန်ထုတ် ဆိုရင် ကောင်းပေမယ့် အိန္ဒိယအခြေစိုက် Marutiနဲ့ တွဲထုတ်လထားတဲ့ မော်ဒယ်တွေမှာတော့ စိတ်ကြိုက် မဖြစ်မိပါဘူး။ ဒါကြောင့် အခု အပိုင်းမှာ အားအကောင်းဆုံး ဖြစ်တဲ့ Swiftကို တစ်ပေးချင်ပြီး Passoကို နှစ်နဲ့ Marchကို တတိယနေရာ ထားလိုက်ချင်ပါတယ်။
အင်ဂျင်ပိုင်း …
မော်ဒယ်တွေက အင်ဂျင်အသေးစားတွေကိုပဲ တပ်ဆင်ထုတ်လုပ်ထားတာပါ။ မြို့တွင်းသုံး မော်ဒယ် အဖြစ် ထုတ်လုပ်ထားတဲ့ အနေအထားမှာ Passoက ၁.၀လီတာသုံး အသေးဆုံး အင်ဂျင်တပ် အနေအထားလောက် ထိအောင်ပါ ရွေးချယ်နိုင်အောင် ထုတ်လုပ်ထားတာ တွေ့ရပြီး Swiftနဲ့ Marchကတော့ ၁.၂လီတာသုံးနဲ့ ၁.၃လီတာသုံးတွေ အဖြစ် ရနိုင်ပါတယ်။ ဒီနေရာမှာ Passoက အများဆုံး ၁.၀လီတာသုံးနဲ့ပဲ တွေ့ရပြီး အခြား ရွေးချယ်နိုင်စရာ မရှိပေမယ့် Swiftနဲ့ Marchကတော့ ရွေးချယ်နိုင်စရာ လာနေတာပါ။ ဘယ်လို အနေအထားမှာပဲ ဖြစ်ဖြစ် မြို့တွင်း သီးသန့်တော့ အမြဲ သုံးဖို့ မဖြစ်နိုင်ပါဘူး။ တခါတရံ နယ်ဝေး ခရီးထွက်မှုတော့ ရှိလာနိုင်မှာပါ။ ဒီအချိန်မှာ ၁.၀လီတာသုံးဟာ အသေးစား မော်ဒယ် တစ်ခု ဖြစ်သည့်တိုင်အောင် စိတ်ကြိုက်မောင်းနှင်နိုင်မှု လုပ်ဖို့ အဆင်မပြေချင်ပါဘူး။ တကယ်လို့ Swiftနဲ့ Marchထဲကိုပဲ အသေးစား အင်ဂျင်စနစ်ကို ရွေးချယ်ထားတာ ဆိုရင် ခရီးဝေး စွမ်းဆောင်ရည် ပိုကောင်းပါလိမ့်မယ်။ ဒါက အင်ဂျင် အရွယ်နဲ့ ခရီးဝေး မောင်းနှင်နိုင်မှုကို ပြောတာပါ။ စွမ်းဆောင်ရည်ပိုင်းမှာတော့ Passoလည်း မညံ့ပါဘူး။ ဆီစားနှုန်း ချိုသာမှု အနေအထားနဲ့ ဂီယာပိုင်းမှာ Manaul, Autoရွေးချယ်နိုင်မှုတွေကိုပါ ပြန်ကြည့်ရင်တော့ Swiftက အားသာချက် အများဆုံးပါပဲ။ အင်ဂျင်စနစ် တစ်ခုပဲ ရနိုင်တဲ့ Passoကို အခုအပိုင်းမှာ တတိယနေရာပေးပြီး Marchကို ဒုတိယ ထားလိုက်ချင်ပါတယ်။
ဈေးကွက်ဝင် အနေအထား …
၂၀၁၀ခုနှစ်နဲ့ ရှေ့ပိုင်းထုတ် Marchတွေ ပြည်တွင်းမှာ ဈေးကွက် ၀င်လိုက်ခြင်းဟာ နောက်ပိုင်းထုတ် Marchတွေကိုပါ လူတွေက ယုံကြည်မှု အားနည်းသွားစေခဲ့ပါတယ်။ ရှေ့ပိုင်းထုတ် Marchတွေကလည်း အားနည်းချက် များပါတယ်။ အင်ဂျင်ပိုင်းရော ကိုယ်ထည်ပိုင်းမှာပါ အားနည်းတာကြောင့် လူကြိုက် နည်းခဲ့တာပါ။ ဒါကြောင့် ပြည်တွင်းမှာ ၀ယ်လက်လည်း နည်းသွားပြီး ဈေးကွက် ၀င်မှုလည်း အားနည်းသွားပါတယ်။ အခု နောက်ပိုင်းမှာတော့ March မော်ဒယ်မြင့်တွေ ဈေးကွက် ၀င်တာ တွေ့ရပြီး ၂၀၁၃ခုနှစ် ၀န်းကျင်ထုတ် မော်ဒယ်တွေထိအောင် ရနိုင်နေပြီ ဖြစ်ပေမယ့် အများအပြား ရွေးချယ်နိုင်လောက်အောင်တော့ ဈေးကွက်မှာ မတွေ့ရပါဘူး။ Passoလည်း ထို့နည်းတူပါပဲ။ ရှေ့ထွက် မော်ဒယ်တွေက အားနည်းချက် ရှိတာ များပါတယ်။ ဒါပေမယ့် Toyotaအမှတ်တံဆိပ် ခံနေမှုက Passoကို ကယ်သွားပါတယ်။ ပြည်တွင်းမှာ လူကြိုက် အများဆုံး အမှတ်တံဆိပ်ဖြစ်နေလို့ Marchလောက် ဈေးကွက် ပျောက်မသွားပေမယ့် သူ့နေရာမှာ Vitzလို မော်ဒယ်တွေ လူကြိုက်များလာတာ တွေ့ရပါတယ်။ ဒီတော့ ရှေ့ပိုင်းမှာ ဈေးကွက် ပျက်ထားလို့ အ၀င်နည်းသွားတဲ့ မော်ဒယ်နှစ်ခုကို နောက်ကောက်ချပြီး Swiftကိုပဲ အခုအပိုင်းမှာ တစ်ပေးရမှာပါ။ အရင်ကတည်းက မော်ဒယ်စုံ၊ အရောင်စုံ၊ ရွေးချယ်နိုင်စရာ အစုံ၊ အင်ဂျင်၊ ဂီယာစနစ် အစုံနဲ့ ရနိုင်နေတဲံ Swiftကို တစ်ပေးလိုက်ပါတယ်။
သုံးသပ်ချက် …
မော်ဒယ်မြင့်တွေ တင်သွင်းလာရတဲ့ အနေအထားမှာ ပျမ်းမျှ တန်ဖိုးနည်း မော်ဒယ်တွေ အတွက် အခြေခံ ဈေးနှုန်းလေးတွေ ပြန်ကြည့်ရအောင်ပါ။ ၂၀၁၂ခုနှစ် ၀န်းကျင်ထုတ် Swiftကို Autoနဲ့ ကီလို ၄သောင်း ၀န်းကျင် အနေအထားမှာ သိန်း ၁၇၀ ပတ်လည် ရှိနေပါတယ်။ Marchကတော့ ၂၀၁၂ခုနှစ် ၀န်းကျင်ထုတ်ကိုပဲ Autoနဲ့ ကီလို ၆သောင်း ၀န်းကျင် အနေအထားမှာ သိန်း ၁၆၀လောက် ရှိပါတယ်။ Passoကတော့ ဈေးအချိုဆုံး ရနိုင်နေတဲ့ မော်ဒယ်လို့ ဆိုရမှာပါ။ အင်ဂျင် အသေးစား တပ်ဆင်ထားတာ တစ်ခုနဲ့တင် မော်ဒယ်မြင့်လာသည့်တိုင်အောင် ဈေးနှုန်း အရမ်းချိုသွားပြီး ၂၀၁၂ခုနှစ် ၀န်းကျင်ထုတ် Autoနဲ့ မောင်းနှင်ပြီး ကီလို ၈သောင်း ၀န်းကျင်ကို သိန်း ၁၂၀လောက်ပဲ ရှိပါတယ်။ ဈေးနှုန်းကတော့ သိသိသာသာ ချိုသွားပေမယ့် တချို့ Passoတွေက ကီလို တစ်သိန်းကျော်လောက်ထိအောင် သုံးထားတာတွေ ရှိပါတယ်။ ဒီလို အင်ဂျင် အသေးစား မော်ဒယ် တစ်ခုကို များများ ခိုင်းထားတာ တစ်ချက်ကတော့ သဘောမကျချင်ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ဈေးနှုန်း အနေအထားမှာတော့ Passoက သဘောကျစရာပါ။
အထက်မှာ ကျွန်တော်တို့ မော်ဒယ်တွေရဲ့ အပိုင်း တပိုင်းချင်းစီ အနေအထားကို ပြန်ကြည့်ချိန်မှာတော့ Swiftက မော်ဒယ်တွေထဲမှာ အကောင်းဆုံး အဖြစ် သတ်မှတ်ခံထားရမယ့် မော်ဒယ် ဖြစ်နေတာပါ။ သူ့နောက်မှာတော့ Passoရှိနေသလို နောက်ဆုံးမှာတော့ Marchရှိနေတယ်လို့ ပြောရမလိုပါ။ မော်ဒယ်နိမ့် Marchတွေ ဈေးအရမ်း ချိုတာကလွဲရင် နောက်ပိုင်းထုတ်လေးတွေကို အရည်အသွေးတင်ရင်း ဈေးလည်း မြင့်လိုက်လာပါတယ်။ အခု ကျွန်တော်တို့ ဘယ်မော်ဒယ်ကို ရွေးချယ်ဖို့ အကောင်းဆုံးလဲ ဆိုတာ ရွေးရအောင်ပါ။ မြို့တွင်း၊ နယ်ဝေး အားလုံး အဆင်ပြေ၊ မော်ဒယ်နိမ့်သည် ဖြစ်စေ မြင့်သည်ဖြစ်စေ ရုပ်ထွက်ရော အနေအထားပါ အဆင်ပြေတဲ့ ဈေးနည်းနည်းမြင့်ချင်နေပေမယ့် Swiftကိုပဲ အခု မော်ဒယ် ၃ခုထဲမှာ အကောင်းဆုံး အဖြစ် ရွေးချယ်ချင်ပါတယ်။ သူ့နောက်မှာတော့ ဒေသကလည်း အမှတ်တံဆိပ်ကို ကြိုက်တယ်၊ အရည်အသွေးနဲ့ အနေအထားလည်း သင့်တယ်၊ နောက်ဆုံး ဈေးနှုန်းလည်း အရမ်းချိုနေတဲ့ Passoကို မြို့တွင်းသုံး အဖြစ် အသင့်တော်ဆုံး ရွေးချယ်ပေးချင်ပြီး မြို့တွင်း နယ်ဝေးသုံး အနေနဲ့ ဈေးချိုချိုဆိုရင်တော့ Marchကို ရွေးချယ်ဖို့ သင့်တယ်လို့ ပြောရင်း အခုလအတွက် မော်ဒယ်ကောင်း ရွေးချယ်မှုကို ရပ်နားလိုက်ချင်ပါတယ်ဗျာ။
လင်းထက် (IA)