တကယ်ဆို ကျွန်တော်တို့ မနိုးထပဲ ဖြတ်ကျော်မိခဲ့တဲ့ ရန်ကုန်မြို့ရဲ့ မနက်ခင်းတွေဟာ ဒီနေ့မှာ တကယ်ပဲ နောင်တရဖို့ ကောင်းတယ်ဆိုတာ လက်ခံမိလိုက်ရပါတယ်။ အခု မေလ ပထမပတ်ရဲ့ နေ့ရက်တစ်ရက်၊ မနက်ခင်း ၅နာရီ မိနစ် ၅၀၊ ရန်ကုန်မြို့ရဲ့ အသည်းနှလုံး မြို့လယ် ဆူလေးဘုရားအ၀ိုင်းမှာ ကျွန်တော် ရောက်နေခဲ့တယ်လေ။ လတ်ဆတ်တဲ့ လေနုတွေက ဖြည်းဖြည်းလေး တိုက်ခတ်နေတယ်၊ ဘေးနားက မဟာဗန္ဓုလ ပန်းခြံထဲက ကိုယ်လက်လှုပ်ရှား ကစားနေသူတွေ အများကြီး ရှိနေတယ်၊ မြို့တော်ခန်းမရဲ့ ရှေ့တည့်တည့်က ပလက်ဖောင်းပေါ်မှာ ကိုယ်စီ ကိုယ်စီ ဦးတည်ချက်တွေနဲ့ လျှောက်လှမ်းနေသူ တချို့၊ ဆူးလေရဲ့ အရှေ့ဖက်ခြမ်း မှတ်တိုင်မှာ နေ့လည်ခင်းလို မောပန်းနေတဲ့ မျက်နှာတွေနဲ့ ကားစောင့်နေသူတွေ၊ အပူမီးခိုးငွေ့တွေ တလှိမ့်လှိမ့် မှုတ်ထုတ်နေတဲ့ လိုင်းကားတွေ များများစားစား မရှိသေးဘူး။ တခါတလေမှ လူခေါ် ကားစပယ်ယာတွေရဲ့ အသံလေး နည်းနည်းကြားရတယ်။ ဒီနေ့ အခု ကျွန်တော် ဒီမှာ ရောက်နေရတဲ့ အကြောင်းရင်းက ဂျပန် အခြေစိုက် ကားကုမဏီ Suzukiရဲ့ ပြည်တွင်းဈေးကွက်မှာ လာရောက် အခြေချလာမှုနဲ့ အတူ ရောင်းချလာတဲ့ မော်ဒယ်သစ် Ciazကို စမ်းမောင်းဖို့၊ ပြီးမှ အခုလို ခင်ဗျားတို့ကို ပြန်ချပြဖို့ပေါ့။

ချိန်းထားတဲ့ နေရာမှာ Ciazအဖြူလေး တစ်စီး ရောက်နှင့်နေပါတယ်။ Drive၀ိုင်းတော်သားတွေ ရောက်သွားချိန် သူတို့က ဖော်ဖော်ရွေရွေ နှုတ်ဆက်ကြပါတယ်။ ကားကို လိုအပ်သလို စမ်းမောင်းဖို့၊ သုံးဖို့ ပေးပါတယ်။ ဟုတ်ပါပြီ၊ ကျွန်တော့် မျက်စိရှေ့က Ciazအကြောင်း စပြောပါတော့မယ်။ အရင်ဆုံး ရုပ်ထွက်ကို ပြောချင်ပါတယ်။ Sportဆန်တဲ့ ရုပ်ထွက်မျိုး ဖန်တီးထားပြီး    အိမ်စီး မော်ဒယ် တစ်ခု အတွက် လက်ခံ နှစ်သက်နိုင်လောက်တဲ့ ရုပ်ထွက်နဲ့ အချိုးအဆစ်ကို တွေ့ရပါတယ်။

မော်ဒယ်က အောက်ဖက် Suspension ကို မြှင့်ထားပါတယ်။ Ciazနဲ့ ပါလာတဲ့ ကားပညာရှင်ကတော့ လမ်းကြမ်းပိုင်း စိတ်ကြိုက် မောင်းနှင်နိုင်အောင်။ Suspensionစနစ်က ငြိမ့်ညောင်းမှု ကောင်းအောင်၊ နားလည်လွယ်အောင် ပြောရရင် အထက်အောက် ကစားမှု ကောင်းအောင် ဖန်တီးထားပါတယ်။  စမ်းမောင်းကြည့်တယ်၊ လိုက်ပါစီးနင်းကြည့်တယ်၊ Suspensionစနစ်က အိမ်စီး မော်ဒယ် တစ်ခု အတွက် လက်ခံနိုင်စရာအနေအထားပါ။

ဆက်ပြောချင်တာကတော့ အတွင်းခန်းပါ။ အထူးသဖြင့် အများစုသော ကိုယ်ထည် အလတ်တန်းစား ဆီဒင်တွေမှာ နောက်ဖက်ခန်း ကျဉ်းတယ်ဆိုတဲ့ အားနည်းချက် တွေ့ရပါတယ်။ အခု Ciazမှာတော့ အဲဒီ အားနည်းချက် မမြင်မိပါဘူး။ နောက်ဖက်ခန်း တော်တော်လေးကို ကျယ်ပါတယ်။ ရှေ့ခန်းမှာ သွားထိုင်ကြည့်တော့ နောက်ဖက်ခန်းက ပိုမိုပြီး ကျယ်သလို ခံစားမိပါတယ်။ ဒါဆိုရင်တော့ ခရီးဝေး အတွက်ရော မြို့တွင်းမှာပါ လိုက်ပါ စီးနင်းမှု အတွက်ပါ အဆင်ပြေကောင်းမွန်မယ့် အချက် တစ်ချက်ပါ။ နောက်ဖက် ထိုင်ခုံတန်းမှာ လက်တင်နဲ့ ခွက်ထည့်စရာ ဆင်ထားပါတယ်။ ခရီးသည် ၅ယောက် လိုက်ပါမယ် ဆိုရင်လည်း အဆိုပါ လက်တင်ကို ခေါက်သိမ်းနိုင်အောင် ဖန်တီးထားပါတယ်။ သဘောကျစရာ ဖန်တီးမှုပါ။

အင်ဂျင်စနစ်က ၁.၄လီတာသုံး ဓါတ်ဆီအင်ဂျင် တစ်မျိုးပဲ ရနိုင်မယ်လို့ သိရပါတယ်။ အင်ဂျင်က စွမ်းအင် အနေနဲ့ မြင်းကောင်ရေ ပျမ်းမျှ ၉၁.၁၈ကောင်အား ထုတ်ပေးနိုင်မှာပါ။ ကားတစ်စီးလုံး အလေးချိန် ၁၄၈၅ ကီလို အတွက်နဲ့ လိုက်ပါ စီးနင်းမယ့် ခရီးသည် အများဆုံး ၅ယောက်စာ အတွက်ကတော့ အခု ၁.၄လီတာသုံး အင်ဂျင်က အနေတော်ပါပဲ။ ပြည်တွင်း အနေအထားမှာလည်း ဒီအင်ဂျင် အရွယ်က လူကြိုက် အများဆုံးပါ။ ခရီးဝေး အတွက်ရော မြို့တွင်းသုံး အတွက်ပါ စိတ်ကြိုက် ဖြစ်မှာပါ။

စမ်းသပ် မောင်းနှင်ကြည့်မိသလောက်တော့ အတွင်းခန်းမှာ အရပ်၆ ပေ၀နန်းကျင်ထိမြင့်သူတွေ အတွက် ကောင်းကောင်းအဆင်ပြေပါတယ်။ လီဗာနဲ့ ဘရိတ် အသားကျ ဟန်ချက် ညီပါတယ်။ အတွင်းခန်း လေအေးပေးစနစ်က ပတ်လည် ဖြစ်လို့ သဘောကျစရာပါ။ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အားကောင်းတာ တွေ့ရပါတယ်။ မိုင် ၆၀နှုန်းလို အနေအထားမျိုးကနေ ရုတ်တရက် ရပ်တန့်မယ် ဆိုရင်တော့ ဘရိတ်ချက်ချင်း ဖမ်းတာမျိုးမှာ လက်ကိုင်ပိုင်း နည်းနည်း ယိုင်ချင်ပါတယ်။ ဒါပေမယ့် အိမ်စီး အနေနဲ့ အများဆုံး သုံးမယ့် မော်ဒယ် ဖြစ်လို့ မြန်နှုန်းမြင့် မောင်းနှင်မှုလည်း သုံးမှု နည်းမှာ ဖြစ်သလို ပြိုင်ဖက် တန်းတူ မော်ဒယ်တွေနဲ့စာရင် ဘရိတ်ပိုင်း ကောင်းပါတယ်။

မော်ဒယ်ခွဲ ရနိုင်မှုကတော့ မရှိပါဘူး။ ၁.၄လီတာသုံး Ciazတစ်မျိုးတည်း ရနိုင်မှာပါ။ နောက်ဖက် ၀န်တင်ခန်းလည်း ကျယ်ဝန်းပါတယ်။ ၀န်တင်ခန်း အောက်ဖက် သီးခြား အခန်း ဖွဲ့ထားပြီး အပိုဘီး ထည့်ထားပုံက သဘောကျမိပါတယ်။ ကျွန်တော်တို့် စမ်းမောင်းနေချိန် မေလအတွင်းမှာတော့ Ciazကို တန်ဖိုး ၂၄၅သိန်း သတ်မှတ်ထားတာ တွေ့ရပါတယ်။ ဈေးကွက်ထဲမှာ ရနိုင်နေတဲ့ ပြိုင်ဖက်လို့ ဆိုရမယ့် Toyota Viosထက် ဈေးပိုချိုပါတယ်၊ Nissan Sunnyနဲ့ ဈေးတူပါတယ်။ ဈေးနှုန်း အနေအထားအရ လက်ခံ နိုင်စရာပါ။ Usedကား ဈေးကွက် ကျယ်ဝန်းတဲ့ အနေအထားမှာ Honda Civicလို မော်ဒယ်နဲ့ ဈေးသိပ်မကွာပေမယ့် Brand Newကို အာမခံ အပါအ၀င်နဲ့ ရနိုင်မယ်၊ SKDဖြစ်လို့ ရန်ကုန်လိုင်စင်နဲ့ပါ ရမယ် ဆိုတော့ သဘောကျစရာပါ။ တန်ဖိုးနည်း Ciazနဲ့ ပတ်သကိပြီး တစ်စီးလုံးကို ခြုံပြောရရင် ဆီစားနှုန်း ကြိုက်တယ်၊ အတွင်းခန်း ကျယ်ဝန်းကောင်းမွန်တယ်၊ ကိုယ်ထည်ပိုင်း မာကျောမှု၊ အသက်ကယ် လေအိတ်စနစ်၊ ဘရိတ်ပိုင်း လက်ခံနိုင်စရာ ရှိတယ်၊ နောက်ကြည့်မှန်နဲ့ Back Camအပါအ၀င် နည်းပညာ ထည့်သွင်းထားမှု သင့်တယ်၊ ဈေးနှုန်း ချိုတယ်၊  အသုံးပြုမောင်းနှင်လိုသူတွေအတွက် သင့်တော်တဲ့ မော်ဒယ်လို့ ဆိုပါရစေ။

နောက်ဆုံး အနေနဲ့ Ciazနဲ့ ပတ်သက်တဲ့ သိကောင်းစရာလေးတွေကို ပြောရင်း နိဂုံးချုပ်ချင်ပါတယ်။ ဒီမော်ဒယ်ကို မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁၁ ရက် ၂၀၁၇ ခုနှစ်ကမှ စတင် ထုတ်လုပ်ရောင်းချနေတဲ့ မော်ဒယ်ပါ။ ပြည်တွင်းမှာ SKDတပ်ဆင်ဖို့ အတွက်ကတော့ အစိတ်အပိုင်းတွေကို ဂျပန်၊အိန္ဒိယနဲ့ထိုင်းကနေ သွင်းတယ်လို့ သိရပါတယ်။ အနေတော် ကိုယ်ထည် အရွယ်အစားရှိ မော်ဒယ်ပါ။ ရှေ့ဘီးယက်စနစ် တမျိုးတည်းပဲ လာပါတယ်။ လက်ရှိမြန်မာပြည်ဈေးကွက်မှာ ဂီယာ ၅ ချက် Auto နဲ့လာပါတယ်။

လင်းထက် (IA)

Spec …

2016 Suzuki Ciaz

Engine – 1.4 Lit Petrol

Power – 130 Nm @ 4000 rpm – 91.1 BHS @ 6000 rpm

Transmission – 4-Speed Auto

Fuel Eco – 16 kms / Lit

Brake – Antilock Braking Sys

Airbags – Driver / Front Passenger

Air-Con – Front and Rear Vents

Fuel Tank Cap – 42 Lit

Infotainment – AM-FM / Back Cam / Parking Sensor