အရင်ဆုံးစမ်းသပ်မောင်းနှင်ခြင်းအကြောင်း မပြောခင် Corolla ရဲ့စိတ်ဝင်စားစရာကောင်းတဲ့ သမိုင်းကို မျှဝေပေးချင်ပါတယ်။ Corolla ဆိုတာလက်တင်လို small crown လို့အမည်ရပြီး ကမ္ဘာအနှံ့အစီးရေသန်း ၅၀ ရောင်းချထားခဲ့ပြီးဖြစ်ပါတယ်။ ၁၉၆၆ ခုနှစ်ကတည်းက စတင်ထုတ်လုပ်လာခဲ့တဲ့ Corolla ဟာအခုဆိုရင် နှစ်ပေါင်း ၅၀ ကျော်သက်တမ်းရှိလာပြီဖြစ်ပြီး မျိုးဆက်အနေနဲ့ဆို ၁၂ ဆက် တိုင်လာခဲ့ပါပြီ။ နောက်ပြီးတော့ ထူးခြားချက်တစ်ခုက Corolla ကို Subcompact, Compact Sedan နဲ့Wagon တွေအဖြစ် သာထုတ်လုပ် လာခဲ့ပေမယ့် အခုမျိုးဆက် ၁၂ ဆက်မြောက်မှာ Hatchback မော်ဒယ်ကိုပါထပ်မံထုတ်လုပ်လာခဲ့ခြင်းဖြစ်ပါတယ်။ သက် တမ်းရင့်မော်ဒယ်တစ်ခုဖြစ်တဲ့ Corolla Sedanကို Drive Magazine ရဲ့Test Drive ကဏ္ဍမှာထည့်သွင်းဖော်ပြပေးသွားမှာဖြစ်ပြီး နောက်ပိုင်း တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာအစွမ်းကြောင့် ဘယ်လိုပုံစံပြောင်းလဲမှုတွေပါဝင်လာသလဲ၊ဘယ်အချက်တွေက သူ့ရဲ့အား သာချက်လဲဆိုတာတွေ ပါဝင်လာမှာဖြစ်ပါတယ်။ ကဲ…ဆက်လေ့လာ ကြည့်ရအောင်လားခင်ဗျ။

အပြင်ဘက်ပိုင်း

Compact Sedan ဖြစ်တဲ့ Corolla ဟာဒီဇိုင်းပိုင်းကို အလေးထားပြုပြင်ထားပြီး လူငယ်ရော၊လူကြီးပါကြိုက်နှစ်သက်နိုင်တဲ့ စပေါ့ပုံ စံကိုအဓိကပြောင်းလဲလိုက်ပါတယ်။ ဒါကြောင့် သူ့ပုံစံက စက်ရုပ်ပုံစံအသွင်အပြင်တွေကို တွေ့ရှိရပြီး အနားရေးကြောင်းတွေ ကအစ Toyota ကသေချာဂရုပြုထားပုံရပါတယ်။ ရှေ့ရုပ်ထွက်ပိုင်းအဓိက ပြောင်းလဲသွားတာကအလိုအလျောက်ချိန်ညှိပေးနိုင်ပြီး ဒီဇိုင်းဆန်းတဲ့ LED ရှေ့မီးတွေကြောင့်ပဲဖြစ်ပါတယ်။ မီးလုံးပုံစံဆန်းလို့လည်း Corolla ရဲ့စပေါ့ဆန်မှုက ပိုပြီးအသက်ဝင်လာတာလို့ဆိုနိုင်ပါတယ်။ နောက်ပြီးတော့ အောက်ဘက်ရှဲနေရာမှာလည်း အနက်ရောင်ဇကာကွပ်တွေနဲ့အတူလေစုပ်ပေါက်တွေပါပါလို့ လေခွင်းအားပိုကောင်း မယ့်ကားတစ်စီးဖြစ်အောင် ပြုလုပ်ထားပုံရပါတယ်။ နောက်ပြီး မော်ဒယ်မြင့်ကားတွေမှာ ပါသင့်ပါထိုက်တဲ့ Day Lamps၊ Fog Lamps ၊ မိုးကို အလိုအလျောက်အာရုံခံနိုင်တဲ့ဝိုက်ပါ၊ပြီးတော့ Aerodynamic ပုံစံချိုးဆစ်ထားတဲ့ ဘောနက်ပုံစံနဲ့ဘော်ဒီတစ်လျှောက်ဖောင်း လိုင်းတွေပါဝင်လို့ ကျစ်ကျစ်လျစ်လျစ်နဲ့ကြည့်ရတာအဆင်ပြေပါတယ်။ နောက်ဘက်ပိုင်းကတော့ LED ကားအမြီးပိုင်းမီးတွေပါဝင်လာပြီး ရိုးရှင်းတဲ့တည်ဆောက်မှုကိုတွေ့ရှိရမှာဖြစ်ပါတယ်။ ပြီးတော့ ရှေ့၊နောက်နှစ်ခုစလုံးမှာ ဆင်ဆာတွေတပ်ဆင်ထားပါသေးတယ်။

အတွင်းခန်း

ဒီအပိုင်းမှာတော့ စပြောပြချင်တာက ထိုင်ခုံတွေအကြောင်းပါ။ပါဝင်တဲ့ထိုင်ခုံတွေက အားလုံးလည်သာနဲ့သာချုပ်လုပ်ထားပြီး ရှေ့Driver Seat က ပါဝါနဲ့ပုံစံ ၈ မျိုးအထိလိုသလိုပြောင်းလဲမှုလုပ်နိုင်တယ်။ပြီးတော့ နောက်ခုံတွေကလည်း ပစ္စည်းတင်ဖို့လိုအပ်လာရင် ခေါက်သိမ်းလို့ရပါသေးတယ်။ ဒီအချက်ကြောင့် Corolla ဟာဆီဒင်ဖြစ်ပေမယ့် နောက်ဘက် Cargo Trunk မှာသာမကဘဲ အတွင်းခန်းထဲထိအောင်ပစ္စည်းတွေထည့်လို့ရနိုင်တာကိုတွေ့ရပါတယ်။ နောက်တစ်ခုက စတီယာရင်ပိုင်းပါ။ Electric Power Steering စနစ်ပါဝင်ပြီး Audio နဲ့ MID တွေကိုထိန်းချုပ်ညွှန်ကြားနိုင်ဖို့ Steering Volume Control ပါပါသေးတယ်။ နောက်တစ်ခုက အလိုအလျောက်လေအေးပေးစနစ်ကိုထည့်သွင်းထားပြီး Push Start စနစ်လည်းပါဝင်ပါတယ်။ ဒတ်ရှ်ဘုတ်အလယ်မှာ Infotainment အတွက် Touch Screen တစ်ခုပါဝင်ပြီး လက်ဟန်ခြေဟန်နဲ့ ထိန်းချုပ်နိုင်တဲ့ အသံစနစ်၊ အနောက်ကြည့်ကင်မရာ၊စမတ်ဖုန်း အချိတ်အဆက်တွေကို ထည့်သွင်းပေးပြန်ပါတယ်။ အတွင်းခန်းက ခြေဆန့်လက်ဆန့်လုပ်ဖို့လုံလောက်တဲ့ အကျယ်အဝန်းမျိုးရှိပြီး မိသားစု ၅ ယောက်အဆင်ပြေပြေလိုက်ပါစီးနင်းလို့ရနိုင်ပါတယ်။ နောက်ပြီးတော့ ပုံစံသစ်ထုတ်ထားတဲ့ ဒိုင်ခွက်စနစ်မှာလည်း ပြင်ပအပူချိန်၊ဆီစားနှုန်းစတာတွေကို ရှင်းလင်းစွာဖော်ပြပေးနိုင်ပါတယ်။ Entertainment အနေနဲ့ကတော့ AVX/FM/AM/VCD/CD/ DVD/MP3/WMA စတာတွေကို ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

စွမ်းဆောင်ရည်

၂၀၁၈ မော်ဒယ်အသစ်မှာ ၁၆ ဘား DOHC ကို Dual VVT-I Petrol အင်ဂျင်ကိုသုံးထားပြီး ပါဝါက 1.6L ဖြစ်ကာ အရှိန်လေးချက်ပါတဲ့ အော်တိုဂီယာ ကိုသုံးစွဲပေးထားပါတယ်။ စွမ်းအင်ထွက်ရှိမှုအပိုင်းမှာတော့ 6000 rpm မှာ 90Kw(120hp) ထွက်ရှိပြီး ရုန်းအားကတော့ 5200 rpm မှာ 154Nm ရှိမှာဖြစ်ပါတယ်။ နောက်ပြီးတော့ ရှေ့နောက်နှစ်ခုလုံးကို Disc Brake တွေသာသုံးထားပြီး Suspension စနစ်ကလည်းရှေ့ကို     MacPhaerson ၊ နောက်ကို Torsion Beam သုံးထားပါတယ်။ ငြိမ့်ညောင်းမှုရှိဖို့ကို အဓိကထား ထားပုံရ ပါ တယ်။ ဆီစားနှုန်းကတော့ ပျှမ်းမျှကီလို ၁၀၀ ကို ၅.၅ လီတာနှုန်းသွားနိုင်တယ်ဆိုတာက အသစ်ပါဝင်လာတဲ့ ECO Mode ကြောင့်ဖြစ်ပါလိမ့်မယ်။

လုံခြုံရေး

ပထမဆုံး Highlight လုပ်ပြချင်တာကတော့ ထပ်မံတိုးမြှင့်ထည့်သွင်းထားတဲ့ လေအိတ်တွေအပိုင်းဖြစ်ပါတယ်။ ဒီမော်ဒယ်အသစ်မှာ ယာဉ်မောင်းနဲ့ အရှေ့ဘက် ခရီးသည်ထိုင်ခုံလေအိတ်တွေ၊ ယာဉ်မောင်း ဒူးနေရာရှိလေအိတ်၊ဘေးဖက်နဲ့ ပြတင်းကာလေအိတ်တွေ အပါအဝင် စုစုပေါင်းလေအိတ် ၇ လုံးအထိထည့်သွင်းပေးထားပါတယ်။ဒီအချက်ကိုကြည့်ရင် Corolla ကလုံခြုံရေးအပိုင်းကို အဓိက ထားတယ်ဆိုတာမြင်သာစေပါတယ်။ နောက်ပြီးတော့ Corolla မှာဘီးချော်ခြင်းကိုတားဆီးဖို့ ယာဉ်တည်ငြိမ်မှု ထိန်းချုပ်တဲ့စနစ်၊ ဘရိတ်ဖမ်းခြင်းကို ပိုမိုကောင်းမွန်စေဖို့ ABSစနစ်၊ အရှေ့ဘက်နဲ့ အနောက်ဘက်ထိုင်ခုံတွေအတွက် အဆက် (၃) ခုပါတဲ့ ELRထိုင်ခုံခါးပတ်ကြိုးတွေ၊ ကလေးငယ်တွေတွက် ခါးပတ်၊နောက်ပြီး မတော်တဆယာဉ်တိမ်းမှောက်ရင် ထိခိုက်ဒဏ်ရာရရှိနှုန်း နည်းပါးအောင်ထည့်သွင်းတည်ဆောက်ထားတဲ့ ဘော်ဒီပုံစံတွေကြောင့် Corolla ရဲ့ Safety ကိုအသိအမှတ်ပြုပေးလိုက်ချင်ပါတယ်။

စမ်းသပ်မောင်းနှင်မှု

ကားကဝပ်ဝပ်လေးဖြစ်ပေမယ့် ရှေ့ပိုင်းတစ်ခုလုံးကို မိုးပြီးကြည့်လို့ရအောင်လုပ်ထားလို့ မြင်ကွင်းတွေက ရှင်းလင်းပါတယ်။ စထွက် ထွက်ချင်းမှာ အထနှေးသလိုထင်ရပေမယ့် နင်းလေ၊ကားကပြေးလေပါပဲ။ စတီယာရင်ပိုင်းကလည်း ကိုင်တွယ်ရတာမဆိုးပါဘူး။ စည်း စည်းပိုင်ပိုင်မရှိပေမယ့် ထိန်းချုပ်ရတာကောင်းပါတယ်။ အရှိန်နည်းနည်းတင်ကြည့်လိုက်တော့ မောင်းရတဲ့ feeling ကမိလာပါတယ်။ ရုတ်တရက်ဘရိတ်အုပ်ကြည့်လိုက်တယ်။ ပိပိရိရိပဲ ကားရပ်တန့်သွားတယ်။ နောက်အောက်ပိုင်းစနစ်ပေါ့။ကားက သက်တောင့်သက် သာရှိဖို့ အဓိကလုပ်ထားတော့ ငြိမ့်တာမှန်တယ်။ဒါပေမဲ့ အကြမ်းတော့ခံမှုနှုန်းကတော့ နည်းနည်းပျော့ချင်တယ်။ အင်ဂျင်ပါဝါသိပ်မကြီး ပေမယ့် ဒီကားက အတော်အသင့်တော့စွမ်းဆောင်ရည်မနိမ့်ဘူးလို့ ဆိုချင်ပါတယ်။ပြီးတော့ Turning Radius က 5.4 မီတာပဲရှိလို့ လမ်းတော်ရုံကျဉ်းတဲ့နေရာတွေမှာလည်း အဆင်ပြေပြေကွေ့နိုင်ပါတယ်။

ဈေးနှုန်းနဲ့သုံးသပ်ချက်

Corolla ရဲ့သက်တမ်းက နှစ် ၅၀ ကျော်ပြီဖြစ်လို့ ဆီဒင်ကောင်းတစ်စီးထုတ်လုပ်ဖို့ လုံလောက်တဲ့ အတွေ့အကြုံရှိတယ်။အခုမော်ဒယ်သစ် မှာဆို လုံခြုံရေးစနစ်မြင့်မားလာတယ်။မောင်းနှင်မှုပိုင်းကောင်းမွန်တယ်။ဒါပေမဲ့ ဒတ်ရှ်ဘုတ်ပိုင်းနဲ့တံခါးဘေးဘောင်တွေမှာသုံးစွဲထားတဲ့ အချို့ Material တွေက ဒီထက်အဆင့်မြင့်မယ်ဆိုရင် ပိုပြီးပြည့်စုံသွားမယ်လို့ ထင်မိပါတယ်။ သူ့ရဲ့တန်ကြေးနဲ့တော့ ထိုက်တန်မှုရှိ တယ်လို့တော့ ဆိုနိုင်ပါတယ်။ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၃၃၅၀၀ ရှိပြီး Toyota ရဲ့အရောင်းကိုယ်စားလှယ် TOYOTA Aye and Sons မှာဆက်သွယ်ဝယ်ယူရရှိနိုင်ပါတယ်။

Specification

Engine Type – 16 Valve DOHC with Dual VVT-i

Engine Power-1.6L

Fuel –Petrol

Maximum Power(Kw/rpm)- 90/ 6,000

Maximum Torque(Nm/rpm)- 154/ 5,200

Transmission-4 speed CVTAuto

Fuel Consumption (L/100km)- 5.5

Fuel Tank (liters) – 55