၂၀၁၉ ခုနှစ် တတိယအကြိမ်မြောက် မြန်မာတစ်နှစ်ကာအကောင်းဆုံးကားဆုပေးပွဲ(MCOTY)ကို တစ်နှစ်ထက်တစ်နှစ် ပိုမိုဖွံ့ဖြိုးတိုးတက်လာတဲ့ ပြည်တွင်းမော်တော်ယာဉ်အခန်းကဏ္ဍနှင့်အတူ အလွန်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ တတိယအကြိမ်မြောက် အကောင်းဆုံးကားဆုပေးပွဲကိုတော့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ ပုံရိပ်တစ်ခုအဖြစ်ဆိုနိုင်တဲ့ Time City အဆောက်အဦးကို နောက်ခံထားပြီး Junction Square Promotion ဧရိယာမှာ မြန်မာနိုင်ငံရှိ ထိပ်တန်းကားကုမ္ပဏီများမှ စကာတင် ကားများကို ခင်းကျင်းပြသရင်း ရင်ခုန်စိတ်လှုပ်ရှားမှုတွေနှင့် ပြည်သူအားလုံးကို စိတ်ဝင်တစားဖမ်းစားနိုင်အောင် ကြိုးစားခဲ့တာဖြစ်ပါတယ်။
၂၀၁၉ ခုနှစ် MCOTY မှာတော့ ထိပ်တန်းကားကုမ္ပဏီတွေအသီးသီးဟာ ကိုယ်ပိုင်အားသာချက်တွေအလိုက် အကောင်းဆုံးကားဆုတွေကို သိမ်းပိုက်နိုင်ခဲ့ပြီး ဈေးကွက်အတွင်း ထိုက်တန်တဲ့တန်ဖိုးတစ်ခုကို ဂုဏ်ယူဝင့်ကြွားစွာ မိတ်ဆက်နိုင်မယ်လို့ ယုံကြည်မိပါတယ်။
ဒီနှစ်မှာတော့ အကောင်းဆုံးကားဆုတံဆိပ်တွေကို ကားကုမ္ပဏီအများစုသိမ်းပိုက်ထားနိုင်ခဲ့ပေမယ့် ထူးခြားမှုအနေနဲ့ကတော့ ဆုတံဆိပ်အများဆုံးကို ဆွတ်ခူးနိုင်ခဲ့တာကတော့ Toyota ပဲဖြစ်ပါတယ်။ မြန်မာပြည်သူတွေကြား နှစ်ရှည်ကာလများ သုံးစွဲမှုများပြားတဲ့ Brand တစ်ခုဖြစ်တဲ့ Toyota ဟာ ၂၀၁၉ ခုနှစ် MCOTY မှာ Best Premium MPV of the Year၊ ကားဝါသနာရှင်များက ရွေးချယ်တဲ့ People’s Choice of the Year နှင့် Brand of The Year ဆုတို့ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
ပြည်တွင်းပြည်ပ ကားဂျာနယ်လစ်များမှ ကားတစ်စီးချင်းအပေါ် စမ်းသပ်မောင်းနှင်ကာ စစ်ဆေးအကဲဖြတ်မှုတွေအရ Toyota Majesty ဟာ Best Premium MPV of the Year ဆုကို ထိုက်ထိုက်တန်တန် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ Premium Class ဖြစ်သည့် Toyota Majesty သည် မိသားစု (၁၀)ယောက်စီး MPV ကားတစ်စီးဖြစ်ပြီး Luxury အမျိုးအစားဖြစ်တာကြောင့် လူကြိုက်များတဲ့ မော်ဒယ်ဖြစ်ပါတယ်။ Toyota Majesty ဟာ 2.8L GD အင်ဂျင် 6-Speed Automatic Transmission ကို အသုံးပြုထားပြီး နည်းပညာပိုင်းအရ အကောင်းဆုံးဖြည့်ဆည်းပေးထားမှုနှင့်အတူ သက်တောင့်သက်သာ ဇိမ်ကျကျလိုက်ပါစီးနင်းနိုင်မည့် ကားတစ်စီးအဖြစ် အမှတ်ပေးအကဲဖြတ်စနစ်အရ Best Premium MPV of the Year ဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
MCOTY ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးဆုတစ်ခုဖြစ်တဲ့ People’s Choice ဆုကိုတော့ ထိပ်တန်းBrand တွေရဲ့ စံကာတင်ကားအစီးရေ (၄၅)စီးကျော်ကို ကားဝါသနာရှင်ပြည်သူတွေက စိတ်ကြိုက်မဲရွေးချယ်ခဲ့တာဖြစ်ပါတယ်။ မြန်မာပြည်က ကားစိတ်ဝင်စားသူတိုင်းရဲ့ မဲပေးရွေးချယ်မှုနဲ့ ပေးအပ်တဲ့ People’s Choice ဆုဟာ ကားကုမ္ပဏီတိုင်းရဲ့ စိတ်ဝင်စားဆုံးဖြစ်သလို ယုံကြည်မှုနဲ့ ထိုက်တန်တဲ့ တန်ဖိုးကိုလည်း ပြသရာရောက်ပါတယ်။ မဲပေးရွေးချယ်မှုတွေရဲ့ အချက်အလက်တွေအရ Toyota ရဲ့ Full-size sedan ဖြစ်တဲ့ Toyota Camry က အားလုံးကို ကျော်ဖြတ်ပြီး ကားဝါသနာရှင်တွေရဲ့ ကြိုက်နှစ်သက်ဆုံးကားအဖြစ် ဆွတ်ခူးနိုင်ခဲ့ဖြစ်ပါတယ်။ Sport ဆန်တဲ့အသွင်အပြင်၊ နောက်ဆုံးပေါ်နည်းပညာများနှင့် စုံလင်တဲ့ Feature တွေကို ပံ့ပိုးပေးထားတဲ့ Toyota Camry ဟာ ကားဝါသနာရှင်အများစုရဲ့ ရွေးချယ်မှုတိုင်းမှာ ပါဝင်ခဲ့တာကြောင့် People’s Choice ဆုကို ထိုက်ထိုက်တန်တန်ရရှိသွားခဲ့တာဖြစ်ပါတယ်။
People’s Choice ဆုနှင့် Brand of The Year ဆုကိုတော့ ကားဝါသနာရှင်များရဲ့ မဲပေးရွေးချယ်မှုအရ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ဒီဆု(၂)နှစ်ခုဟာ ထိပ်တန်းကား Brand တစ်ခုရဲ့ ပြယုဒ်အဖြစ် Toyota ကို အများစုက သတ်မှတ်ခံရခြင်းလည်းဖြစ်ပါတယ်။ Toyota ၏ မော်တော်ယာဉ်များသည် မြန်မာလူမျိုးများအတွက် စစ်မှန်သောအရည်အသွေးကိုသာ အစဉ်အမြဲပေးခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဆုများသိမ်းပိုက်ထားနိုင်ခဲ့တာပါ။
လက်ရှိတွင်လည်း Toyota အနေနဲ့ စက်ရုံတည်ဆောက်ကာ မြန်မာနိုင်ငံမော်တော်ယာဉ်ကဏ္ဍအတွက် ရည်မှန်းချက်သစ်တွေကို အကောင်အထည်ဖော်ရန် စတင်ဆောင်ရွက်နေပြီဖြစ်သည်။ Toyota အနေနဲ့ ပြည်တွင်းကားဈေးကွက်နဲ့ မော်တော်ယာဉ်ကဏ္ဍ အတွက် ရင်ခုန်စိတ်လှုပ်ရှားစရာတွေ အကောင်းဆုံး ဆက်လက်ပေးစွမ်းနိုင်ဖို့ မျှော်လင့်မိပါတယ်။