မြန်မာနိုင်ငံမော်တော်ယာဉ်ဈေးကွက်သည် တဖြည်းဖြည်းကျယ်ပြန့်လာသည်နှင့်အမျှ ဈေးကွက်အတွင်းတွင် နာမည်ကျော်မော်တော်ကားကုမ္ပဏီများကို ပိုမိုမြင်တွေ့ရလာသည်။ လက်ရှိ ပြည်တွင်းမော်တော်ယာဉ်ကဏ္ဍမှာတော့ ဈေးကွက်ကို အလျင်မြန်ဆုံးနှင့် အထိရောက်ဆုံးထိုးဖောက်နိုင်ရန်အတွက် ကားကုမ္ပဏီများအနေဖြင့် စက်ရုံများတည်ထောင်ပြီး ပြည်တွင်းတွင် ကားများကို တပ်ဆင်ထုတ်လုပ်နိုင်ရန်ကြိုးစားလာကြသည်ကို မြင်တွေ့ရသည်။ ထိုကဲ့သို့ မြန်မာနိုင်ငံဈေးကွက်အတွင်း နိုင်ငံတကာကားကုမ္ပဏီများမှ ရင်းနှီးမြုပ်နှံမှုကဏ္ဍသစ်တွေ ချဲ့ထွင်နေသော အခြေအနေများတွင် ပြည်တွင်းမှာ လူကြိုက်များသည့် ဂျပန်မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် Toyota လည်းပါဝင်လာသည်။ Toyota သည် မြန်မာနိုင်ငံအတွင်း မော်တော်ယာဉ်ထုတ်လုပ်ရေး အတွက် ကုမ္ပဏီအသစ် Toyota Myanmar Co., Ltd (TMY) ကို တည်ထောင်လိုက်ပြီး Toyota ၏ အနာဂတ် ခြေလှမ်းများနှင့် အခန်းကဏ္ဍသစ်များကို သိရှိနိုင်ရန်အတွက် Drive Media မှ Toyota Myanmar ရဲ့ Managing Director Mr.Hiroyuki Oide ကို တွေ့ဆုံမေးမြန်းထားသည်။

ပထမဦးဆုံးအနေနဲ့ Toyota ရဲ့ခြေလှမ်းသစ်ဖြစ်တဲ့စက်ရုံအကြောင်းနဲ့ဘယ်လိုမော်ဒယ်တွေထုတ်လုပ်သွားမလဲဆိုတာပြောပြပေးပါဦး။
Toyota ရဲ့ စက်ရုံသစ်ဟာ ယခုဆောက်လုပ်နေဆဲဖြစ်ပါတယ်။ ဖေဖော်ဝါရီ(၂၀၂၁)မှာ စတင်ထုတ်လုပ်မှာ ဖြစ်တဲ့အတွက် တစ်နှစ်တာကြာမြင့်ပြီးချိန်မှာ ထုတ်လုပ်မှုတွေ ဆောင်ရွက်တော့မှာပါ။ ပထမဆုံး ထုတ်လုပ်မယ့် ကားမော်ဒယ်ကတော့ Hilux Revo ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ Hilux Revo ကို ပထမဦးဆုံးထုတ်လုပ်ဖို့ ဆုံးဖြတ်လိုက်တာကတော့ Hilux Revo ဟာ လုပ်ငန်းခွင်လည်း အသုံးပြုနိုင်သလို အိမ်စီးယာဉ်အဖြစ်လည်း အသုံးပြုနိုင်လို့ပါ။ မြန်မာနိုင်ငံရဲ့ လမ်းအခြေအနေ အမျိုးမျိုးနဲ့လည်း ကိုက်ညီတဲ့ မော်ဒယ်ဖြစ်ပါတယ်။

အခြားစိတ်လှုပ်ရှားစရာသတင်းတစ်ခုအနေနဲ့ Toyota ဟာမြန်မာနိုင်ငံအတွင်း Dealer တွေထပ်ချဲ့သွားဖို့ရှိတယ်လို့ကြားသိရတယ်။မျှဝေပေးပါဦး။
မြန်မာနိုင်ငံမှာ Toyota အနေနဲ့ အရင်က Dealership (၃)ခုနဲ့ ချိတ်ဆက် အလုပ်လုပ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ရန်ကုန်၊ လားရှိုးနဲ့ တောင်ကြီးတို့မှာ Dealership တွေ နောက်ထပ်တိုးချဲ့နိုင်ခဲ့တဲ့အတွက် Dealership အရေအတွက် နှစ်ဆတိုးသွားတယ်လို့ ယူဆရမှာပါ။ ဒါကြောင့် မြန်မာပြည်သူတွေအတွက် Toyota ကားတွေနဲ့ ဝန်ဆောင်မှုတွေ ပိုပြီးပေးလာနိုင်တော့မှာပါ။

Toyota ကနေဒီနှစ်ထဲမှာဘယ်လိုထူးခြားတဲ့မော်ဒယ်တွေမိတ်ဆက်သွားဖို့ရှိလဲ။
ဒီနှစ်ထဲမှာတော့ Toyota ဟာ မော်ဒယ်သစ်ဖြစ်တဲ့ All New Corolla Altis ကို မိတ်ဆက်သွားမှာပါ။ ဒီကားဟာ လုံးဝအသစ်ဖြစ်ပြီး Toyota ရဲ့ နည်းပညာအသစ်တွေကို မြင်ရမယ်။ ဥပမာအနေနဲ့ Toyota ကမ္ဘာလုံးဆိုင်ရာ တည်ဆောက်မှုလက်ရာ၊ စွမ်းဆောင်မှုပိုင်းတွေကို မြှင့်တင်မှုတွေ ပြုလုပ်ထားတယ်။ သင့်အနေနဲ့ ဒီကားကို စမ်းသပ်မောင်းနှင်ကြည့်တဲ့အခါ အရင်မော်ဒယ်တွေနဲ့ ဘာတွေကွဲပြားသွားမလဲ သိနိုင်မှာပါ။

Toyota ရဲ့မြန်မာနိုင်ငံဈေးကွက်အတွင်းရေတို၊ရေရှည်ရည်မှန်းချက်တွေကဘာတွေလဲ။မြန်မာအနေနဲ့ Toyota ဆီကနေဘာတွေမျှော်လင့်နိုင်မလဲ။
ကျွန်တော်မြန်မာနိုင်ငံကိုရောက်လာတော့ Toyota ကားတွေ အများကြီးလမ်းပေါ်မှာ မောင်းနှင်နေကြတာ သတိထားမိပါတယ်။ မြန်မာလူမျိုးတွေက Toyota အမှတ်တံဆိပ်ကို နှစ်သက်ကြတယ်ဆိုတာလည်း သတိထားမိတယ်။ ဒါကြောင့် မြန်မာဈေးကွက်နဲ့ ပတ်သတ်ပြီး ပြောချင်တာက Toyota ကို ဆက်ချစ်ပေးပါဆိုတာပါပဲ။ ကျွန်တော်တို့အနေနဲ့လည်း အခုထက်ပိုပြီး အရည်အသွေးကောင်းတဲ့ကားတွေကို ဖန်တီးထုတ်လုပ်သွားမယ်ဆိုတာ ကတိပြုပါတယ်။

နောက်ဆုံးမေးခွန်းပါ။ဒီနှစ်ထဲတိုကျိုမှာအိုလစ်ပစ်ပြိုင်ပွဲကိုကျင်းပသွားဖို့ရှိပါတယ်။ Toyota အနေနဲ့အိုလံပစ်ပြိုင်ပွဲကြီးကိုအဓိကပံ့ပိုးပေးထားပြီးဘယ်လိုနည်းပညာသစ်တွေချပြသွားဖို့ရှိပါသလဲ။
အိုလံပစ်အားကစားပွဲဟာ ဇူလိုင်လကုန်မှာ ကျင်းပသွားမှာပါ။ Toyota အနေနဲ့ official Sponsor အဖြစ် ကားအစီးရေ (၃၇၀၀)နဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာ ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ အနာဂတ်သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက်လည်း နည်းပညာအသစ်တွေ မြင်တွေ့မှာဖြစ်ပါတယ်။ ဥပမာ – Autonomous (အလိုအလျောက်မောင်းနှင်မှု)၊ EV၊ Hybrid၊ Hydrogen ကားတွေ ပါဝင်ပါမယ်။ ဒါကြောင့် အိုလံပစ်အားကစားပွဲကနေတဆင့် သယ်ယူပို့ဆောင်ရေး နည်းပညာသစ်တွေကို တွေ့ကြုံခံစားနိုင်မှာပါ။